မေဆတ် (Maysak) တိုင်ဖွန်းမုန်တိုင်းကြောင့် တရုတ်နိုင်ငံတောင်ပိုင်းရှိ ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မိုးသည်းထန်စွာရွာသွန်းပြီး ပြင်းထန်သော ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး မုန်တိုင်းသည် အပူပိုင်းမုန်တိုင်းအဖြစ် အားပျော့သွားခဲ့သော်လည်း သက်ဆိုင်ရာအာဏာပိုင်များက ဇူလိုင် ၆ ရက်တွင် ရေကြီးမှုသတိပေးချက်အဆင့်ကို တိုးမြှင့်သတ်မှတ်ခဲ့သည်။
ကွမ်ရှီးဒေသ၏မြို့တော် နန်နင်းတွင် အဆက်မပြတ် သည်းထန်စွာရွာခဲ့သော မိုးများကြောင့် ဆည်အချို့ ကျိုးပေါက်ခဲ့ပြီးနောက် မြို့ပြရေဘေးကာကွယ်ရေး အရေးပေါ်တုံ့ပြန်မှုအဆင့်ကို အမြင့်ဆုံးအဆင့်သို့ တိုးမြှင့်တင်ခဲ့သည်။
တရုတ်အစိုးရပိုင် CCTV ရုပ်သံ၏ ဇူလိုင် ၆ ရက် ထုတ်လွှင့်ချက်များတွင် မီဒီယာများက အလယ်အလတ်ဆည်အဖြစ် ဖော်ပြထားသော လျူလန် ရေလှောင်တမံ ကျိုးပေါက်ရာမှ ရွှံ့စေးရောင် ရေလုံးကြီးများ ပြင်းထန်စွာ စီးထွက်လာပြီး အဝေးရှိ လူနေအဆောက်အအုံများဆီသို့ ဦးတည်ရိုက်ခတ်နေသည့် မြင်ကွင်းများကို တွေ့ရသည်။
ထို့အပြင် ယွန်ပြောင်ရေလှောင်တမံသည်လည်း ကျိုးပေါက်ခဲ့ပြီး လျူဝမ်ရေလှောင်တမံတွင် ရေလျှံမှုများ ဖြစ်ပွားခဲ့သည်ဟု နန်နင်းအာဏာပိုင်များက ၎င်းတို့၏ တရားဝင် WeChat အကောင့်တွင် ထုတ်ပြန်ထားသည်။
ကွမ်ရှီးဒေသရှိ ဖန်ချန်ကန်မြို့တွင်လည်း ပြင်းထန်သော ရေကြီးမှုများကြောင့် ဒေသခံပြည်သူ ၈၀၀ ကျော်ကို ဘေးလွတ်ရာသို့ အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရကြောင်း နိုင်ငံပိုင်မီဒီယာများက ဆိုသည်။
ဇူလိုင် ၆ ရက်အထိ ကွမ်ရှီးဒေသရှိ မြစ်ချောင်း ၅၅ စင်းပေါ်တွင် တည်ဆောက်ထားသည့် ရေစောင့်ကြည့်ရေးဌာ ၆၆ ခု၏ တိုင်းထွာချက်များအရ ရေမှတ်များသည် စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီဖြစ်ကြောင်း သိရသည်။ နန်နင်းမြို့ရှိ လူဝေမြို့နယ်တွင် ဇူလိုင် ၅ ရက်မှာ ၇ ရက်နံနက်ပိုင်းအထိ ၂၄ နာရီအတွင်း မိုးရေချိန် ၂၅ လက်မ (၆၃၇ မီလီမီတာ) အထိ စံချိန်တင် ရွာသွန်းခဲ့ကြောင်း CCTV သတင်းတွင် ဖော်ပြထားသည်။
Photo - AFP















