မန္တလေးငငလျင်တွင် လူနှစ်ရာကျော်သေဆုံးခဲ့သည့် Sky Villa ကွန်ဒိုပိုင်ရှင် ဦးနိုင်ထွန်းလင်းအား အောင်မြေသာစံမြို့နယ်တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ်ငါးနှစ်ကျခံစေရန် ချမှတ်ထားကြောင်း သတင်းရရှိသည်။
Sky Villa ကွန်ဒိုပိုင်ရှင် ဦးနိုင်ထွန်းလင်းအား ဖေဖော်၀ါရီလ ၁၀ရက်နေ့က အောင်မြေသာစံမြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့ရာ အချုပ်လွတ်ထုချေခွင့် အာမခံရရှိပြီး အမှုရင်ဆိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် မတ်လ၁၇ရက်နေ့တွင် အချုပ်လွတ်ထုချေခွင့်အာမခံအား ပြန်လည်ရုတ်သိမ်းခဲ့ကာ အချုပ်ဖြင့်အမှုရင်ဆိုင်ခဲ့စေခဲ့ကြောင်း သိရသည်။
အောင်မြေသာစံမြို့နယ်၊ အမှတ်(၁)နယ်မြေရဲစခန်းတွင် ပုဒ်မ၃၀၄-ကဖြင့် အမှုဖွင့်ဖမ်းဆီးထားပြီးနောက် တရားစွဲဆိုခဲ့ခြင်းဖြစ်ကာ ဇွန်လ၂၃ရက်က အလုပ်နှင့် ထောင်ဒဏ်၅နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
" အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ဦးစီးအရာရှိ ဦးဇော်မိုးအောင်က တရားလိုပြုလုပ်ပြီး တရားစွဲဆိုခဲ့ပါတယ်။ ၂၃ရက် ၆လမှာ ဦးနိုင်ထွန်းလင်းအပေါ်မှာ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က အရ အလုပ်နှင့်ထောင်ဒဏ် ၅နှစ် ကျခံစေရန် ချမှတ်ခဲ့ပါတယ်။ စတင်တရားစွဲဆိုစဥ်ပထမတုန်းကတော့ အာမခံနဲ့အမှု ရင်ဆိုင်ခဲ့တာပါ။ အသေးစိတ်အနေနဲ့ကတော့ အခုက အောင်မြေသာစံခရိုင်တရားရုံးကနေ ရာဇ၀တ်ပြင်ဆင်မှုအမှတ်၃၉က/၂၀၂၆နဲ့ အမှုတွဲကို
ယူဆောင်ကြည့်ရှုဖို့တောင်းဆိုတဲ့အတွက် ပေးပို့ထားပါတယ်" ဟု အောင်မြေသာစံမြို့နယ်တရားရုံး သတင်းပြန်ကြားရေးအရာရှိမှ အမှုနှင့်ပတ်သက်ပြီး ပြန်လည်ဖြေကြားခဲ့သည်။
အမှုနှင့်ပတ်သက်ပြီး နှစ်ဘက်အပြန်အလှန် အယူခံနှင့်ပြင်ဆင်တက်ရောက်ရန် ပြုလုပ်လျက်ရှိကြောင်းလည်း စုံစမ်းသိရသည်။
အောင်မြေသာစံမြို့နယ် ၊လမ်း၆၀ ၊၂၁လမ်းနှင့်၂၂လမ်းကြားရှိ Sky Villa ၁၁ထပ်ကွန်ဒိုပါ၀င်သော အဆောက်အအုံများသည် ငလျင်ဒဏ်ကြောင့် ပြိုကျမှုဖြစ်ပွားခဲ့ရာ ရုပ်အလောင်း နှစ်ရာကျော်ကို တွေ့ရှိထားသည်ထိ လူသေဆုံးမှုများပြားခဲ့သည့်ကွန်ဒိုဖြစ်သည်။
Sky villa တည်ဆောက်ခဲ့သည့် NTL Construction Companyမှ MD ဦးနိုင်ထွန်းလင်း၏ဇနီး ဒေါ်သက်သက်ခိုင်တို့ပါ၀င်သောအဖွဲ့သည် ကွန်ဒို ပြိုကျမှုတွင် အသက်ဆုံးပါးသွားကြသူတစ်ဦးလျှင် ကျပ်သိန်းတစ်ရာစီ ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့်တောင်းပန်မှုပြုလုပ်ခြင်းအခမ်းအနားများကို ၁၉လမ်း မုန်တိုင်ဇရပ်တွင် သုံးကြိမ်တိုင်တိုင် ပြုလုပ်ခဲ့သည်။















