ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားအပေါ် စကားများရန်ဖြစ်ရာမှ ကိုယ်ထိလက်ရောက် ကျူးလွန်သည့် အလုပ်ရှင်ကို အမှုဖွင့်တိုင်ကြားထားကြောင်း ထိုင်းနိုင်ငံရှိ အလုပ်သမားသံအရာရှိရုံးမှ သိရသည်။
ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်ရှိ ချိုင့်ဆွဲထမင်းဝန်ဆောင်မှုလုပ်ငန်းတစ်ခုမှ အလုပ်ရှင်ဖြစ်သူက အကူဝန်ထမ်း မြန်မာအလုပ်သမား ဒေါ်အေးနွယ်အား လုပ်ခလစာကိစ္စနှင့်စပ်လျဉ်း၍ စကားများရန်ဖြစ်ရာမှ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့မှုဖြစ်ပွားကြောင်း ဇွန် ၂၉ ရက်တွင် သတင်းရရှိသဖြင့် အလုပ်သမားသံအရာရှိရုံးမှ တာဝန်ရှိသူများက သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံစဉ် နစ်နာသူအလုပ်သမားအား ချွန်ဘူရီဆေးရုံ အရေးပေါ်ဌာနသို့ အမြန်ဆုံးပို့ဆောင်၍ ဆေးကုသမှုခံယူစေခဲ့ပြီး ဆေးရုံမှ ထုတ်ပေးသည့် ဆေးမှတ်တမ်းဖြင့် ချွန်ဘူရီခရိုင်ရဲစခန်းသို့ ချက်ချင်းသွားရောက်ကာ ကျူးလွန်သူအလုပ်ရှင်အား ထိုင်းနိုင်ငံဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရန်အတွက် ညတွင်းချင်း အမှုဖွင့်လှစ် တိုင်ကြားပေးခဲ့ကြောင်း သိရသည်။
အလုပ်သမားသံအရာရှိရုံးအနေဖြင့် ဒေါ်အေးနွယ်၏ နစ်နာဆုံးရှုံးမှုများနှင့် ရရန်ရှိသည့် လုပ်ခလစာများ ပြန်လည်ရရှိရေးအပြင် ဥပဒေကြောင်းအရ အပြည့်အဝ အကာအကွယ်ရရှိစေရေးအတွက် ဆက်လက်၍ ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ အလုပ်သမားသံအရာရှိရုံးမှ သိရသည်။















