■အိန္ဒိယနိုင်ငံ၏ အရှေ့နှင့် ထိတွေ့ဆက်ဆံသည့် မူဝါဒကို ပိုမိုခိုင်မာစေသကဲ့သို့ မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်း စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်ရန် အိန္ဒိယနိုင်ငံသို့ လာရောက်ခြင်းဖြစ်ဟု မြန်မာ-အိန္ဒိယ စီးပွား​ရေး​ဆွေး​နွေးပွဲတွင် နိုင်ငံ​တော်သမ္မတ ဦးမင်​အောင်လှိုင်​ပြောကြား

■အိန္ဒိယနိုင်ငံ၏ အရှေ့နှင့် ထိတွေ့ဆက်ဆံသည့် မူဝါဒကို ပိုမိုခိုင်မာစေသကဲ့သို့ မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်း စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်ရန် အိန္ဒိယနိုင်ငံသို့ လာရောက်ခြင်းဖြစ်ဟု မြန်မာ-အိန္ဒိယ စီးပွား​ရေး​ဆွေး​နွေးပွဲတွင် နိုင်ငံ​တော်သမ္မတ ဦးမင်​အောင်လှိုင်​ပြောကြား
Published 31 May 2026

ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့်ဆက်လက်လျှောက်လှမ်းလျက်ရှိပြီး စီးပွားရေးနှင့်ပတ်သက်၍ ခိုင်မာအောင် ဆက်လက်ဆောင်ရွက်မည်ဖြစ်သဖြင့် အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်များ ယုံယုံကြည်ကြည်ဖြင့် လာရောက်ရင်းနှီးမြှုပ်နှံရန် နိုင်ငံ​တော်သမ္မတက ဖိတ်​​ခေါ်

 အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကျင်းပသည့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ စီးပွားရေး ဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။

ယနေ့(မေ ၃၁ ရက်) ဒေသစံတော်ချိန် နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ Taj Mahal ဟိုတယ်၌ ကျင်းပသည့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ စီးပွားရေး ဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ကျွန်တော်ရဲ့ ယခုခရီးစဉ်ဟာ အိန္ဒိယနိုင်ငံရဲ့ အရှေ့နဲ့ ထိတွေ့ဆက်ဆံတဲ့ မူဝါဒကို ပိုမိုခိုင်မာစေသလို မြန်မာနိုင်ငံအနေနဲ့လည်း ဒေသတွင်း စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်ဖို့ လာရောက်ခြင်းလည်း ဖြစ်ပါတယ်။ အဆွေတော်တို့ သိရှိထားပြီးဖြစ်တဲ့အတိုင်း ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းလမ်းနဲ့အညီ ပြည်သူလူထုက ရွေးချယ်တင်မြှောက်တဲ့

အစိုးရသစ်ကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်မှာ ဖွဲ့စည်းခဲ့နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံအဖြစ် ခိုင်မာအား ကောင်းအောင်လည်း ကျွန်တော် ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့ အစိုးရသစ်လက်ထက်မှာ ရေရှည်တည်တံ့ပြီး ဟန်ချက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ဖော်ဆောင်နိုင်ဖို့ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများနှင့် စီးပွါးရေးတိုးမြှင့်ရေးကိုလည်း ဦးစားပေး ဆောင်ရွက်ပေးလျက် ရှိပါတယ်” ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။

 

လက်ရှိအချိန်တွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ အစိုးရဌာနများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်သူများအကြား ဆက်ဆံရေး ပိုမိုကောင်းမွန်လာသည်နှင့်အမျှ အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှုများ တိုးတက်ခိုင်မြဲလာသည်ကို တွေ့ရကြောင်း၊ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံများတွင် ပါဝင်ပြီး မြန်မာနိုင်ငံက စတုတ္ထမြောက် ပို့ကုန်အများဆုံး တင်ပို့နေသည့်နိုင်ငံ ဖြစ်သကဲ့သို့ မြန်မာနိုင်ငံကို ဆဋ္ဌမမြောက် သွင်းကုန်အများဆုံးတင်သွင်းနေသည့် နိုင်ငံလည်းဖြစ်ကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှုသည် နှစ်စဉ် ပျမ်းမျှ ၁ ဒသမ ၅ ဘီလျံခန့်ရှိပြီး မြန်မာနိုင်ငံအနေဖြင့် ပို့ကုန်ပိုများပြားကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။

မြန်မာနိုင်ငံမှ အိန္ဒိယသို့ မတ်ပဲ၊ ပဲစင်းငုံနှင့် မြေထောက်ပဲ၊ ရေထွက်ပစ္စည်း၊ ချုပ်ပြီးအထည်၊ သစ်ပါးလွှာနှင့် အထပ်သားတို့ကို အဓိကတင်ပို့နေပြီး မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယထုတ်ကုန်များဖြစ်သည့် ဆေးဝါး၊ ရေနံထွက် ပစ္စည်း၊ ဓာတုဗေဒပစ္စည်း၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် လယ်ယာသုံး စက်ပစ္စည်းများကို အဓိကတင်သွင်းနေခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် အိန္ဒိယနိုင်ငံမှ ပို့ကုန်များ တိုးမြှင့်နိုင်ရေး ဆောင်ရွက်စေလိုကြောင်း၊ ဥပမာအားဖြင့် သံနှင့် သံမဏိ၊ ဆေးဝါး၊ ဓာတုဗေဒပစ္စည်းများ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က “ လက်ရှိမှာ အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၃၉ ခု၊ အမေရိကန်ဒေါ်လာ ၇၈၂ ဒသမ ၃၈၅ သန်းနဲ့ (၁၁)နိုင်ငံမြောက် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံ ဖြစ်ပါတယ်။ အိန္ဒိယရင်းနှီးမြှုပ်နှံမှုသူများအနေနဲ့ မြန်မာနိုင်ငံရဲ့ စက်မှု၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ ဝန်ဆောင်မှုနှင့် စိုက်ပျိုးမွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွေမှာ ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရပါတယ်” ဟု ပြောကြားသည်။

 မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံတစ်ခုဖြစ်ပြီး သဘာဝတည်နေရာအရ ကမ္ဘာ့လူဦးရေအများဆုံး အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ကြီးမားသည့် ဈေးကွက်နှင့် လျင်မြန်စွာတိုးတက်နေသည့် အာဆီယံဒေသတွင်း အချက်အချာကျသည့် နေရာတွင်ရှိနေကြောင်း၊ ထို့ပြင် စိုက်ပျိုးရေးလုပ်ငန်းကောင်းစွာ ဆောင်ရွက်နိုင်သည့် ရာသီဥတုနှင့် မြေအကျယ်အဝန်းရှိပြီး အရှေ့တောင်အာရှဒေသတွင် လယ်ယာမြေအများဆုံး ပိုင်ဆိုင်သည့် နိုင်ငံဖြစ်ကြောင်း၊ ထို့ကြောင့်လည်း စိုက်ပျိုး မွေးမြူရေးအခြေခံကောင်းများကို အသုံးချပြီး စားရေရိက္ခာ အဓိကထုတ်လုပ်သည့် နိုင်ငံဖြစ်စေရေး မူဝါဒချမှတ်ဆောင်ရွက်နေကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။

 

အိန္ဒိယနိုင်ငံသည် နို့ထွက်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများတွင် အားကောင်းသည့်အတွက် မြန်မာနိုင်ငံတွင် မွေးမြူရေး လုပ်ငန်းများနှင့်နို့ထွက်ပစ္စည်းထုတ်လုပ်ခြင်း လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ရင်းနှီးမြှုပ်နှံဆောင်ရွက်ရန် အခွင့်အလမ်းများ ရှိကြောင်း၊ လက်ရှိအချိန်တွင်မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းအတွက် လိုအပ်သည့် ဆေးဝါးများကိုပြည်ပမှ တင်သွင်းလျက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံသည် ဆေးဝါး (Generic Medicine) ထုတ်လုပ်မှုတွင် ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံ၏ဆေးဝါးလိုအပ်ချက် ၆၀ ရာခိုင်နှုန်းဝန်းကျင်ခန့်ကို အိန္ဒိယနိုင်ငံမှ တင်သွင်းနေခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ဆေးဝါးထုတ်လုပ်မှု လုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်း များစွာရှိကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။

ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း (Kaladan Multi-Modal Transit Transport Project)နှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး (Trilateral Highway)တို့သည် နှစ်နိုင်ငံကုန်သွယ်မှုကိုသာမက အာဆီယံ-အိန္ဒိယ စီးပွားရေးစင်္ကြံကိုပါ ဖွင့်လှစ်ပေးမည့် သော့ချက်များ ဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါ စီးပွားရေးစင်္ကြံများတစ်လျှောက် အထူးစီးပွားရေးဇုန်များ (SEZs) နှင့် ထောက်ပံ့ ပို့ဆောင်ရေး အခြေခံအဆောက်အအုံ (Logistics Hubs)များတွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းကောင်းများ ရှိနေကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က “မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတော်အတွက် မဟာဗျူဟာအရ အရေးပါတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားများအဖြစ် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဝန်ဆောင်မှု၊ ဆေးဝါးထုတ်လုပ်မှု၊ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများအဖြစ် သတ်မှတ်ထားပြီး ရင်းနှီးမြှုပ်နှံမှုမြှင့်တင်မည့် ကဏ္ဍများအနေနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လယ်ယာအခြေခံ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေ၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ထုတ်လုပ်မှုလုပ်ငန်းတွေ၊ ပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေမှာ ဦးစားပေးအဖြစ် သတ်မှတ်ဖိတ်ခေါ်လျက် ရှိပါတယ်။ ဒါ့အပြင် နိုင်ငံတော်ရဲ့ လိုအပ်ချက်အရ ဖြည့်ဆည်းနိုင်ဖို့အတွက် ဓာတ်မြေဩဇာ၊ ဘိလပ်မြေနှင့် သံမဏိထုတ်လုပ်ခြင်း၊ အများပြည်သူသယ်ယူ ပို့ဆောင်ရေးကဏ္ဍတွေ တိုးတက်စေဖို့အတွက် လျှပ်စစ်သုံးယာဉ် ထုတ်လုပ်ခြင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးတန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်ခြင်း၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများ ထုတ်လုပ်ခြင်းနှင့် စားသုံးဆီထုတ်လုပ်ခြင်း ကဏ္ဍတွေမှာလည်း မိတ်ဖက် စီးပွားရေးလုပ်ငန်းရှင်များ လာရောက်လုပ်ကိုင်ပါမယ်ဆိုရင် ဦးစားပေး ဝန်ဆောင်မှုများနဲ့ အထူးပံ့ပိုး ဆောင်ရွက်ပေးသွားမှာလည်း ဖြစ်ပါတယ်” ဟု ပြောကြားသည်။

 

ထို့အပြင် ပြည်တွင်းထွက်ကုန်အခြေခံ သစ်အချောထည် ပရိဘောဂလုပ်ငန်းများ၊ သစ်ပါးလွှာ၊ အထပ်သား၊ သစ်ကြိတ်သားနှင့် သစ်ခွဲသားထုတ်လုပ်မှု လုပ်ငန်းများအပြင် အဆင့်မြင့်ချည်၊ အဆင့်မြင့် ရာဘာနှင့် ရာဘာအခြေခံ ပရိဘောဂပစ္စည်းများ ထုတ်လုပ်ခြင်း လုပ်ငန်းများကိုလည်းဖွံ့ဖြိုးတိုးတက်လာအောင် အားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ ရွေးကောက်ခံအစိုးရအနေဖြင့် နိုင်ငံအတွင်း စီးပွားရေးဝန်းကျင် နှင့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင် ပိုမိုကောင်းမွန်လာစေရန်အတွက် စီးပွားရေးဆိုင်ရာပြုပြင် ပြောင်းလဲမှုများကို အလေးထား ဆောင်ရွက်နေကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။

စည်းမျဉ်းလုပ်ထုံး လုပ်နည်းများကို ပြန်လည်ဆန်းစစ်ပြီး လုပ်ငန်းစဉ်များကို ပိုမိုလွယ်ကူလျင်မြန်အောင် ဒီဂျစ်တယ်စနစ် (Digital Transformation)သို့ အသွင်ကူးပြောင်းဆောင်ရွက်လျက်ရှိရာတွင် မြန်မာဒီဂျစ်တယ် လမ်းပြမြေပုံ ၂၀၃၀ ကို ရေးဆွဲဖော်ဆောင်လျက်ရှိကြောင်း၊ ထို့အတူ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မြေဧရိယာ (၁၀၀၀၀) ဧကခန့်အား ရတနာပုံဆိုက်ဘာ စီတီး(ရတနာပုံမြို့သစ်) စီမံကိန်းအဖြစ် အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ထို့ကြောင့် IT ကဏ္ဍတွင် အောင်မြင်ပြီးဖြစ်သည့် အိန္ဒိယလုပ်ငန်းရှင်များအနေဖြင့် IT နှင့် ဒီဂျစ်တယ်ဝန်ဆောင်မှုလုပ်ငန်းများကို လာရောက်ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းကောင်းများပင် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။

အိန္ဒိယနိုင်ငံ၏ အိမ်နီးချင်းဦးစားပေးမူဝါဒ၊ အရှေ့နှင့် ထိတွေ့ဆက်ဆံသည့် မူဝါဒ၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာ‌မြောက် ဆက်ဆံရေးအရ အိန္ဒိယ စီးပွား ရေးလုပ်ငန်းရှင်များအတွက် မြန်မာနိုင်ငံတွင်ကုန်သွယ်မှုသာမက ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် လက်ရှိထက်အဆများစွာ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းကောင်းများရှိနေခြင်း ဖြစ်ကြောင်း၊ အဆိုပါအလားအလာများကို လက်တွေ့ အကောင်အထည်ဖော်နိုင်ရန် မိမိတို့နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးကို ပိုမိုနီးကပ်စွာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။

မိမိတို့အနေဖြင့် ရင်းနှီးမြှုပ်နှံသူများအတွက် စီးပွားရေးဝန်းကျင်ကောင်းတစ်ရပ် ဖန်တီးပေးနိုင်ရေး အစဉ်တစိုက် ကြိုးပမ်းလျက်ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူချောမွေ့စေရေး ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ရင်းနှီးမြှုပ်နှံမှုများကို အကာအကွယ်ပေးနိုင်ရန် ကုန်အမှတ်တံဆိပ် စက်မှုဒီဇိုင်းတီထွင်မှုနှင့် စာပေနှင့် အနုပညာ မူပိုင်ခွင့်ဥပဒေတို့သည် ၂၀၂၄ ခုနှစ်မှာ အပြည့်အဝ အသက်ဝင်လည်ပတ် နေပြီဖြစ်သည်ကို ပြောကြားလိုကြောင်း၊ ထို့ပြင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကို ခိုင်ခိုင်မာမာဖြင့် တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနှင့် အိန္ဒိယနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူစာချုပ်အသစ် ချုပ်ဆိုနိုင်ရေးအတွက် ဆက်လက် ဆွေးနွေး ဆောင်ရွက်ကြမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။

ထို့ကြောင့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်အားကောင်း လာစေရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးအခြေခံကုန်ထုတ်လုပ်မှုလုပ်ငန်း၊ ဆေးဝါး ထုတ်လုပ်မှု၊ ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ နည်းပညာနှင့် ဒီဂျစ်တယ် ဝန်ဆောင်မှုလုပ်ငန်း၊ ပညာရေးဝန်ဆောင်မှု၊ ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းများတွင် အိန္ဒိယလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ရန် အထူးဖိတ်ခေါ်လိုကြောင်း၊ မိမိတို့အနေဖြင့် ရင်းနှီးမြှုပ်နှံမှုများကိုဖိတ်ခေါ်ရာတွင် စီးပွားရေးတွက်ခြေကိုက်မှု တစ်ခုတည်းကိုသာမကဘဲရေရှည်တည် တံ့မည့် ဂေဟစနစ်နှင့် စီးပွားရေးဟန်ချက်ညီမှု (Ecology and Economy Balancing) ကိုလည်းအလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို အလေး ထားသည့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု (Responsible Investment) များကို အပြည့်အဝ ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတွင် ရှိသည့် အိန္ဒိယရင်းနှီးမြှုပ်နှံသူများ၏ အဆင်ပြေချောမွေ့စေရေးကိုလည်း ပံ့ပိုးကူညီ ပေးသွားမည် ဖြစ်သကဲ့သို့ နှစ်နိုင်ငံအကြားကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး ကိုလည်း အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။

မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ စီးပွားရေးတိုးတက်မှု အလားအလာများအတွက် အာဆီယံနှင့် တရုတ်နိုင်ငံတို့သို့ ဆက်သွယ်ချိတ်ဆက်ပေးထားသည့် တံတားတစ်စင်း (Land Bridge) သဖွယ်ဖြစ်ကြောင်း၊ နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုဖြင့် နှစ်ဦး နှစ်ဖက် ရေရှည်မျှဝေခံစားကြမည့် "Win-Win" အခြေအနေကို ဖော်ဆောင်သွားရမည် ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံ၏အဆင့်မြင့်နည်းပညာ၊ အရင်းအနှီးများနှင့် မြန်မာနိုင်ငံ၏ ကြွယ်ဝသည့်သဘာဝသယံဇာတ၊ တည်နေရာ အချက်အချာ၊ လူငယ်လုပ်သားထုတို့ကို အထိရောက်ဆုံးပေါင်းစပ်ပြီး တန်ဖိုးမြှင့်ထုတ်ကုန် (Value-added)နှင့် ဝန်ဆောင်မှုလုပ်ငန်းများကို မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ရန် ဖိတ်ခေါ် လိုကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။

ထို့နောက် အိန္ဒိယနိုင်ငံ စီးပွါးရေးလုပ်ငန်းရှင်းများက ဆေးဝါးထုတ်လုပ်ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်ဘက် အစိုးရမှ အားပေးထောက်ပံ့ပေးစေလိုမှု၊ နှစ်နိုင်ငံကုန်သွယ်မှုအကြားငွေကြေးလဲလှယ် မှုဆိုင်ရာများနှင့် ငွေကြေးလွှဲပြောင်းပေးပို့မှုများ အဆင်ပြေချောမွေ့မှုရှိစေရေး ဆောင်ရွက်ပေးစေလိုမှု၊ မြန်မာနိုင်ငံတွင်စိုက်ပျိုးရေးကိုကောင်းစွာ ဆောင်ရွက် နိုင်သည့် အခြေခံကောင်းများရှိပြီးဖြစ်သောကြောင့်စိုက်ပျိုးရေးကဏ္ဍတိုးတက်စေရေး အိန္ဒိယနိုင်ငံမှ စိုက်ပျိုးရေးကုမ္ပဏီများကိုဖိတ်ခေါ်ရာတွင် မည်ကဲ့သို့ဖိတ်ခေါ်လိုမှု၊ မြန်မာနိုင်ငံတွင် IT နည်း ပညာတိုးတက်ရေးအတွက် ဆောင်ရွက်ရာ၌ အိန္ဒိယနိုင်ငံ ကုမ္ပဏီများအပေါ် လိုအပ်သည်များပံ့ပိုးဆောင်ရွက်စေလိုမှု၊ ကုန်သွယ်မှုလုပ်ငန်းများ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားလိုမှု၊ မြန်မာ့ပဲအမျိုးမျိုးသည် အရည်အသွေးမြင့် ခြင်းကြောင့် ကမ္ဘာ့စားနပ်ရိက္ခာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှုကြောင့် ကုန်ထုတ် လုပ်မှုများပိုမိုတိုးတက်လာစေရေး ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများအား မေးမြန်းဆွေးနွေးခဲ့ကြသည်။

အိန္ဒိယနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ၏ မေးမြန်းမှုများနှင့်ပတ်သက်၍သက် ဆိုင်ရာဝန်ကြီးများနှင့် တာဝန်ရှိသူများက နှစ်နိုင်ငံအကြား ငွေကြေးလဲလှယ်မှုဆိုင်များ အဆင်ပြေချောမွေ့စေရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိမှု၊ ကုန်သွယ်မှုများအဆင်ပြေ ချောမွေ့စေရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ အခွန်ကောက်ခံမှုစနစ်များကိုလည်း သတ်မှတ်ချက်များနှင့်အညီသာကောက်ခံလျက်ရှိမှု၊ ကုန်သွယ်မှုများ ငွေပေးချေမှုများ ကို အဆင်ပြေစေရေးဆောင်ရွက်ပေးလျက်ရှိမှု၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် နှစ်နိုင်ငံ အကြားပူးပေါင်းဆောင်ရွက်မှုများ တိုးတက်စေရေးအတွက် မျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်မှု၊ မတ်ပဲစိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်း၊ ဓာမြေဩဇာထုတ်လုပ်ခြင်းလုပ်ငန်း၊ နို့စားနွား မွေးမြူရေးလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်နိုင်မှု၊ IT လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံအနေဖြင့် လိုအပ်သည့် ဖြေလျှော့မှုများကို ဆောင်ရွက်ပေးနိုင်မှုနှင့် လတ် တလောကာလတွင် ပြင်ဦးလွင်မြို့ရှိရတနာပုံဆိုက်ဘာစီးတီးတွင် လာရောက်ရင်းနှီး မြှုပ်နှံမှုများဆောင်ရွက်နိုင်မှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်သမ္မတက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် ဆွေးနွေးပွဲ၌ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံများများ တိုးမြှင့်ရေးအတွက် အိန္ဒိယနိုင်ငံမှလာရောက်ရင်းနှီးမြှုပ်နှံနိုင်မှုများကို ဖိတ်ခေါ်ကြောင်း၊ကုန်သွယ်မှုတွင် ရင်းနှီးမြှုပ်နှံမှုများ ခိုင်မာအားကောင်းရန်လိုကြောင်း၊ထို့ကြောင့် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများတွင် မိမိတို့အနေဖြင့် အာမခံနိုင်သည့် လုပ်ငန်းများကို ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း၊ ထိုသို့ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ရာတွင် နှစ်နိုင်ငံအတွက် အကျိုးဖြစ်ထွန်းရန်လိုကြောင်း ပြောကြားသည်။

မိမိအနေဖြင့် ကုန်ပစ္စည်းများရောင်းချရာတွင် အမြတ်နည်းနည်းဖြင် အရေအတွက်များများ ရောင်းချသည့် မူဝါဒကိုချမှတ်ထားကြောင်း၊ အိန္ဒိယနိုင်ငံမှကုန်ပစ္စည်း များဖြစ်သည့် သံနှင့်သံမဏိများ၊ ဓာမြေဩဇာများကို မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံ၍ ထုတ်လုပ်ရောင်းချမည်ဆိုပါကလည်း မိမိတို့အနေဖြင့် ဖိတ်ခေါ်ကြောင်း၊ မိမိတို့နိုင်ငံမှတစ်ဆင့် အခြားအိမ်နီးချင်းနိုင်ငံများသို့ပြန်လည် ရောင်းချနိုင်သည့် ဈေးကွက်လည်းရှိကြောင်း၊ ထားဝယ်ရေနက်စီမံကိန်းမှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်း များကို ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။

မိမိတို့နိုင်ငံအနေဖြင့် IT နည်းပညာနှင့်ပတ်သက်၍ ဖွံ့ဖြိုးတိုးတက်ရန် များစွာလိုအပ်နေသေးကြောင်း၊ယခုအခမ်းအနားသို့ တက်ရောက်လာကြသူများအားလုံး ကိုလည်းကျေးဇူးတင်ရှိကြောင်း၊ မြန်မာ-အိန္ဒိယနှစ်နိုင်ငံသည် သမိုင်းကြောင်း အရ များစွာတူညီမှုရှိကြောင်း၊ မြန်မာနိုင်ငံတွင်အိန္ဒိယနွယ်ဖွားများစွာရှိကြောင်း၊ နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းများကိုလည်းမြှင့်တင်ဆောင်ရွက်နိုင်ပြီး ယဉ်ကျေးမှုဆိုင်ရာ များတွင်လည်းပူးပေါင်းဆောင်ရွက်နိုင်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ဘက်ပေါင်း စုံမှ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။

အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံတွင်လာရောက်ရင်းနှီးမြှုပ်နှံလျက်ရှိသည့် ကုမ္ပဏီများ သည် ရှေးယခင်ကတည်းကလုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီများဖြစ် သဖြင့် မိမိတို့နိုင်ငံ၏ နိုင်ငံရေးအခြေအနေကိုလည်းသိရှိပြီးဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့်ဆက်လက်လျှောက် လှမ်းလျက်ရှိပြီး စီးပွားရေးနှင့်ပတ်သက်၍လည်း ခိုင်မာအောင် ဆက်လက်ဆောင် ရွက် သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အိန္ဒိယနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့နိုင်ငံတွင် ယုံယုံကြည်ကြည်ဖြင့် လာရောက်ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်ပါကြောင်းလည်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့ဝင်များ၊အိန္ဒိယနိုင်ငံ အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး၊ မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး နှင့်တာဝန်ရှိသူများ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) နာယက ဦးအောင်ကိုဝင်း၊ ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် အဖွဲ့ဝင်များ၊ မြန်မာ-အိန္ဒိယ ချစ်ကြည် ရေးအသင်းဥက္ကဋ္ဌ ဦးဝင်းမြင့် နှင့်အဖွဲ့ဝင်များ၊ အိန္ဒိယနိုင်ငံကုန်သည်များနှင့် စက်မှု အသင်းချုပ်(FICCI) အတွင်းရေးမှူးချုပ် Mr. A,nant Swa,ru ၊ အိန္ဒိယစက်မှု လက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(CII)မှ Senior Advisor Dr. Vikramjit Singh Sahney Ji ၊ ဖိတ်ကြားထားသော မြန်မာ-အိန္ဒိယ နှစ်နိုင်ငံစီးပွားရေး လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

 

Most Read

Most Recent