အမေရိကန်နှင့်အီရန်စစ်ပွဲ ပိုမိုပြင်းထန်လာပြီး အခြေခံအဆောက်အအုံများ ပစ်မှတ်ထားတိုက်ခိုက်ခံရ

အမေရိကန်နှင့်အီရန်စစ်ပွဲ ပိုမိုပြင်းထန်လာပြီး အခြေခံအဆောက်အအုံများ ပစ်မှတ်ထားတိုက်ခိုက်ခံရ
Published 18 July 2026

​အမေရိကန်ကအီရန်ကို ခုနစ်ရက်မြောက် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်ခဲ့ပြီးနောက် အီရန်ကလည်း ပါရှန်းပင်လယ်ကွေ့ဒေသရှိ အခြေခံအဆောက်အအုံများကို ဇူလိုင် ၁၈ ရက် တွင် ပြန်လည်တိုက်ခိုက်ခဲ့ပြီး "အလုံးစုံထိုးစစ်" ဆင်နွှဲသွားမည်ဟု ခြိမ်းခြောက်လိုက်သဖြင့် နှစ်ဖက်တိုက်ပွဲများ ပိုမိုပြင်းထန်လာသည်။

​အမေရိကန်နှင့် အီရန်တို့ ဖြစ်ပွားနေသော စစ်ပွဲကို အဆုံးသတ်ရန် အကြိုသဘောတူညီချက်တစ်ခု ရရှိခဲ့ပြီး တစ်လအကြာတွင် ယခုကဲ့သို့ တိုက်ပွဲများ ပြန်လည်ပြင်းထန်လာခြင်း ဖြစ်သည်။

အမေရိကန်က အီရန်ရှိ လေဆိပ်၊ ရထားဘူတာရုံနှင့် တံတားများကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု တီဟီရန်အစိုးရက စွပ်စွဲထားသည်။

​အီရန်၏တုံ့ပြန်မှုအဖြစ် ကူဝိတ်နိုင်ငံရှိ ရေနံချက်စက်ရုံတစ်ခုအပြင် လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ရေချိုထုတ်လုပ်ရေးစက်ရုံတို့ကို တိုက်ခိုက်ခဲ့သည်ဟု ကူဝိတ်အာဏာပိုင်များက ပြောကြားခဲ့သည်။

ထို့ပြင် ဘာရိန်းသို့ အီရန်က ပစ်လွှတ်လိုက်သော ဒရုန်းနှင့် ဒုံးကျည်များကို မိမိတို့၏ လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် တွန်းလှန်ဖျက်ဆီးနိုင်ခဲ့သည်ဟု ဘာရိန်းစစ်တပ်က ထုတ်ပြန်သည်။

​"အီရန်ဟာ တစ်ချက်ချင်း တုံ့ပြန်တဲ့ လက်တုံ့ပြန်မှုအဆင့်မှာတင် ရပ်တန့်နေမှာ မဟုတ်တော့ပါဘူး။နိုင်ငံရေးနယ်နိမိတ်မျဉ်းဟာဘေးကင်းလုံခြုံမှာ မဟုတ်ပါဘူး" ဟု အီရန်ဘာသာ‌‌ရေးခေါင်းဆောင်၏ထိပ်တန်းစစ်ရေးအကြံပေး ဗိုလ်ချုပ်ကြီး မိုဆင်ရီဇာယီက နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ပြောကြားခဲ့သည်။

အကယ်၍ အမေရိကန်၏ တိုက်ခိုက်မှုများသည် နောက်ထပ် နှစ်ရက် သုံးရက်ခန့်အထိ ဆက်လက်ရှိနေပါက အီရန်က "အလုံးစုံထိုးစစ်ဆင်မှုများ" ကို ပြန်လည်စတင်သွားမည်ဖြစ်ကြောင်း ၎င်းက သတိပေးခဲ့သည်။

​ကူဝိတ် လျှပ်စစ်ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရမှုကြောင့် ဓာတ်အားပေးစက် အများအပြား ရပ်တန့်သွားခဲ့ရပြီး၊ အရပ်ဘက်နေရာများနှင့် အရေးကြီးအခြေခံအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်သည်ဟု ကူဝိတ်အစိုးရက အီရန်ကို စွပ်စွဲခဲ့သည်။

ယခုတိုက်ခိုက်မှုသည် နှစ်ရက်အတွင်းကူဝိတ်လျှပ်စစ်နှင့် ရေချိုစက်ရုံတို့ ဒုတိယအကြိမ်မြောက် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး၊ ဇူလိုင် ၁၇ ရက် ပထမအကြိမ် တိုက်ခိုက်မှုတွင်လည်း မီးလောင်ကျွမ်းမှုနှင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

Ref:AFP

AFP photos

Most Read

Most Recent