■အီရန်-အစ္စ​ရေး အပြန်အလှန်တိုက်ခိုက်မှုများ တကျော့ပြန်ဖြစ်ပွား

■အီရန်-အစ္စ​ရေး အပြန်အလှန်တိုက်ခိုက်မှုများ တကျော့ပြန်ဖြစ်ပွား
Published 8 June 2026

နှစ်နိုင်ငံ ပြန်လည်တင်းမာလာမှုကြောင့် ရေနံစျေးလည်း တက်လာ

ဇွန် ၈ ရက်တွင် အီရန်-အစ္စ​ရေးနှစ်နိုင်ငံ တိုက်ခိုက်မှုများ တကျော့ပြန်စတင်လိုက်ပြီး အီရန်ဘက်က အစ္စရေးမြောက်ပိုင်းကို ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ပြီးနောက် အစ္စရေးဘက်ကလည်း အီရန်အနောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဧပြီလက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စတင်အသက်ဝင်ပြီးနောက် ၎င်းတို့နှစ်နိုင်ငံကြား ပထမဆုံးအကြိမ် အပြန်အလှန်တိုက်ခိုက်ကြမှု ဖြစ်သည်။

အီရန်မြို့တော် တဟီရန်တွင် ပေါက်ကွဲသံများ ထပ်မံထွက်ပေါ်လာပြီး အစ္စရေးဘက်ကလည်း အီရန်၏ ကာကွယ်ရေးစနစ်များကို တိုက်လေယာဉ်များစွာဖြင့် အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ယခုတိုက်ခိုက်မှုသည် တစ်ပတ်တိတိ လေ​ကြောင်းစစ်ဆင်ရေး၏ အစသာရှိသေးသည်ဟု အီရန်ဘက်ကလည်း ကြုံးဝါးထားသည်။ဇွန် ၇ ရက်က လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့ကို အစ္စ​ရေးက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် အီရန်က တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဘေရွတ်တောင်ပိုင်းဆင်ခြေဖုံးရှိ ဟစ်ဇ်ဘိုလာ ပစ်မှတ်များကို အစ္စရေးက တိုက်ခိုက်ခဲ့မှုတွင် ဟစ်ဇ်ဘိုလာ အဖွဲ့က အစ္စရေးဘက်ကို ဒုံးကျည်များဖြင့် ပစ်ခတ်သည့်အတွက် လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း အစ္စရေးစစ်တပ် ကပြောသည်။အီရန်ကို ပြန်မတိုက်ခိုက်ရန် ဒေါ်နယ်ထရန့်က အစ္စရေးကို တိုက်တွန်းထားသည်ဟုလည်း သိရသည်။

လက်ရှိတင်းမာမှုကြောင့် ရေနံဈေးနှုန်းများလည်း မြင့်တက်သွားသည်။ကမ္ဘာ့စံသတ်မှတ်ချက်ဖြစ်သည့် ဘရန့်ရေနံစိမ်း ဈေးနှုန်းသည် ၄ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ကာ တစ်စည်လျှင်​​ဒေါ်လာ ၉၇ ဒသမ ၃၀ ဖြစ်လာပြီး အမေရိကန် ရေနံစိမ်းဈေးကလည်း ၄ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ကာ ၉၄ ဒသမ ၅၀ ဒေါ်လာဝန်းကျင် ဖြစ်သွားသည်။

Ref:BBC, Photo: AP

Most Read

Most Recent