အိန္ဒိယနိုင်ငံ၏ စီးပွားရေးမြို့တော် မွန်ဘိုင်းတွင် မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းများပေါ်တွင်ရေကြီးကာ ကျောင်းများကို ပိတ်ထားရသည့်အပြင် အဆောက်အအုံတစ်လုံး ပြိုကျမှုကြောင့် ကလေးငယ် ငါးဦးအပါအဝင် လူခြောက်ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ဇူလိုင် ၆ ရက်တွင် ပြောကြားခဲ့သည်။
မွမ်ဘိုင်းမြို့ အရှေ့ပိုင်းရှိ ဟောင်းနွမ်းပျက်စီးနေသော လူနေအဆောက်အအုံတစ်လုံးသည် ဇူလိုင် ၅ ရက်က ပြိုကျခဲ့သဖြင့် နေထိုင်သူအချို့ အပျက်အစီးများအောက်တွင် ပိတ်မိခဲ့ကြောင်း မွန်ဘိုင်းမြို့တော်ဝန် ရီတူ တောင်ဒီက ပြောကြားခဲ့သည်။
အိန္ဒိယမိုးလေဝသဌာနက ၂၄ နာရီအတွင်း မိုးရေချိန် ၂၀၀ မီလီမီတာ (၇ ဒသမ ၈ လက်မ) ကျော် ရွာသွန်းခဲ့ကြောင်း မှတ်တမ်းတင်ခဲ့ပြီးနောက် ယခုကဲ့သို့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့၏နေရာဒေသအချို့တွင် သွားလာရေးနှင့် လုပ်ငန်းဆောင်တာများ လုံးဝရပ်ဆိုင်းသွားခဲ့သည်။
အိန္ဒိယနိုင်ငံရှိ သန်းနှင့်ချီသော ပြည်သူများသည် စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများကို လည်ပတ်စေရန်အတွက် နှစ်စဉ် မုတ်သုံရာသီမှရရှိသည့် အရေးပါသော မိုးရေအပေါ် မှီခိုနေကြရသည်။
သို့သော် ရာသီဥတုပြောင်းလဲမှုကြောင့် မိုးလေဝသပုံစံများ ပြောင်းလဲလာပြီး ကမ္ဘာ့လူဦးရေအများဆုံးဖြစ်သည့် အိန္ဒိယတွင် ပိုမိုပူပြင်းလာစေခဲ့သည်။
ထို့ပြင်ယခုနှစ်တွင် ဖြစ်ပေါ်နေသော အယ်လ်နီညို အစွန်းရောက်ရာသီဥတုဖြစ်စဉ်ကြောင့်လည်း မိုးရေချိန် လျော့နည်းနိုင်ကြောင်း သတိပေးချက်များ ထွက်ပေါ်ခဲ့သည်။















