ဒီအာကွန်ဂိုတွင် အီဘိုလာရောဂါ ကူးစက်ခံရသူ ၁၅၀၀ ကျော်အထိ မြင့်တက်လာခဲ့ပြီး သေဆုံးသူ ၅၀၀ ကျော်ရှိလာ

ဒီအာကွန်ဂိုတွင် အီဘိုလာရောဂါ ကူးစက်ခံရသူ ၁၅၀၀ ကျော်အထိ မြင့်တက်လာခဲ့ပြီး သေဆုံးသူ ၅၀၀ ကျော်ရှိလာ
Published 6 July 2026
Ref: Xinhua

ဒီအာကွန်ဂိုနိုင်ငံတွင် လတ်တလောဖြစ်ပွားနေသော အီဘိုလာကူးစက်ရောဂါကြောင့် အတည်ပြုလူနာ ၁၅၀၀ ကျော်ရှိလာခဲ့ပြီး သေဆုံးသူအရေအတွက်သည် ၅၀၀ ကျော်လွန်သွားပြီဖြစ်ကြောင်း ဒီအာကွန်ဂိုကျန်းမာရေးအာဏာပိုင်များက ဇူလိုင် ၅ ရက် တွင် ထုတ်ပြန်ခဲ့သည်။

ယင်းအစီရင်ခံစာအရ နိုင်ငံအတွင်း ရောဂါပိုးကူးစက်ခံရကြောင်း အတည်ပြုလူနာ ၁၅၆၁ ဦး ရှိလာခဲ့ပြီး၊ ၎င်းတို့အနက် သေဆုံးသူ ၅၀၆ ဦး ရှိပြီဖြစ်ကြောင်း ဖော်ပြထားသည်။

ရောဂါကူးစက်ခံရသူများအနက် ၂၅၄ ဦးမှာ ပြန်လည်သက်သာကောင်းမွန်လာခဲ့ပြီးဖြစ်ကာ အတည်ပြုလူနာ ၆၂၈ ဦးမှာမူ လက်ရှိတွင် သီးသန့်ခွဲထား၍ ဆေးဝါးကုသမှု ခံယူလျက်ရှိသည်။

ထို့ပြင် အာဏာပိုင်များအနေဖြင့် ရောဂါကူးစက်ခံရဖွယ်ရှိသည့် သံသယလူနာ ၃၅၄ ဦးကိုလည်း ထပ်မံစိစစ်တွေ့ရှိထားပြီး ယင်းသံသယလူနာများထဲတွင် သေဆုံးသူ ၁၁၀ ဦး ပါဝင်နေသည်။

အဆိုပါ ကူးစက်ရောဂါသည် ယခုအချိန်အထိ ပြည်နယ်သုံးခုရှိ ကျန်းမာရေးဇုန် ၃၆ ဇုန်သို့ ကူးစက်ပျံ့နှံ့ထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အပတ်စဉ် ရောဂါပိုးကူးစက်ခံရကြောင်း အတည်ပြုလူနာ အရေအတွက်မှာ ဆက်လက်မြင့်တက်လျက်ရှိပြီး၊ ရောဂါကူးစက်မှုဆိုင်ရာ သီတင်းပတ် ၂၅ ပတ်မြောက်နှင့် ၂၆ ပတ်မြောက်တို့သည် ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ကာ တစ်ပတ်လျှင် အတည်ပြုလူနာ ၃၀၀ ကျော်အထိ ရှိခဲ့သည်။

ယင်းအခြေအနေသည် လူထုအတွင်း ဗိုင်းရပ်စ်ပိုး ဆက်လက်ကူးစက်ပျံ့နှံ့နေဆဲဖြစ်ကြောင်း ပြသနေသည်။

လက်ရှိတွင် အတည်ပြုထားသော ကာကွယ်ဆေး သို့မဟုတ် သီးသန့်ကုသဆေး မရှိသေးသည့် Bundibugyo ဗိုင်းရပ်စ်မျိုးကွဲကြောင့်ဖြစ်ရသော အီဘိုလာရောဂါကို ကုသနိုင်မည့် နည်းလမ်းများအား ဆန်းစစ်ရန်အတွက် ဒီအာကွန်ဂို၌ လူနာများကို ဆေးဘက်ဆိုင်ရာ လက်တွေ့စမ်းသပ်မှု စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြီးခဲ့သည့်သီတငး်ပတ်တွင် ပြောကြားခဲ့သည်။

အဆိုပါ ဆေးဘက်ဆိုင်ရာ လက်တွေ့စမ်းသပ်မှုများကို ရောဂါကူးစက်မှု၏ ဗဟိုချက်ဖြစ်သော အီတူရီပြည်နယ် ရမ်ပါရာ ကျန်းမာရေးဇုန်ရှိ CME အီဘိုလာကုသရေးစင်တာတွင် စတင်လုပ်ဆောင်နေပြီဖြစ်သည်။

 

Most Read

Most Recent