ရန်ကုန်၊ ဧရာဝတီနှင့် မွန်ပြည်နယ်တို့တွင် လေပြင်းနှင့် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် နေအိမ်များ ပြိုကျပြီး သစ်ပင်များ လဲကျမှုဖြစ်ပွား

ရန်ကုန်၊ ဧရာဝတီနှင့် မွန်ပြည်နယ်တို့တွင် လေပြင်းနှင့် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် နေအိမ်များ ပြိုကျပြီး သစ်ပင်များ လဲကျမှုဖြစ်ပွား
Published 6 July 2026

ရန်ကုန်၊ ဧရာဝတီနှင့် မွန်ပြည်နယ်တို့တွင် လေပြင်းနှင့် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် နေအိမ်များ ပြိုကျပြီး သစ်ပင်များ လဲကျမှုဖြစ်ပွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

ဇူလိုင် ၅ ရက် နေ့လယ် ၁ နာရီခွဲခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ အင်းမကျေးရွာအုပ်စု၊ တာပတ်ကြီးကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် အ.မ.က(တာပတ်ကြီး)ရှိ ဆောက်လုပ်ဆဲ KGကျောင်းဆောင်ပြိုကျသဖြင့် ပန်းတနော်မြို့နယ်မီးသတ်တပ်ဖွဲ့မှ သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့်ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းနေ့ ညနေ ၅ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ် စံပယ်ချောင်ကျေးရွာအုပ်စု၊ အေးသာယာရွာအရှေ့ဘက်ခြမ်းတွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ အမိုးလန်ပျက်စီးသဖြင့် သုံးခွမြို့နယ်မီးသတ်တပ်ဖွဲ့မှ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

အလားတူ ယင်းနေ့ ည ၇ နာရီခွဲခန့်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကဒါရပ်ကွက်တွင် လေဆင်နှာမောင်းတိုက်ခတ်သဖြင့် ပေါင်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းနေ့ ည ၈နာရီခွဲခန့်တွင်လည်း ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ဘွက်ကုန်းကျေးရွာအုပ်စု၊ ဘိုသိုးကျေးရွာ တွင်လေဆင်နှာမောင်းတိုက်ခတ်၍ နေအိမ် ၃၀ လုံးခန့် ထိခိုက်ပျက်စီးသဖြင့် ဥက္ကံနယ်မြေမီးသတ်တပ်ဖွဲ့ဝင်များမှ ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ယင်းနေ့ ညနေ ၆ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ မယ်ရကုန်းကျေးရွာအုပ်စု၊ သိုက်ကုန်းကျေးရွာတွင် လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်(၄)လုံး အမိုးလန်/ ပြိုလဲ ပျက်စီးသဖြင့် ကွမ်းခြံကုန်းမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့သည်။

ဇူလိုင် ၆ ရက် နံနက် ၄ နာရီခွဲခန့်တွင်လည်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ညောင်ပင်ဆိပ်ဘုရားကုန်းကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲခြင်း၊ အမိုးလန်ခြင်းများဖြစ်ပွားသဖြင့် မော်လမြိုင်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ မီးသတ်ယာဉ်တို့ဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

ဓာတ်ပုံ-MFSD

Most Read

Most Recent