စပိန်နဲ့ပွဲက နောက်ဆုံးကမ္ဘာ့ဖလားပွဲ မဖြစ်စေဖို့ မျှော်လင့်ကြောင်း စီရော်နယ်လ်ဒို ပြောကြား

စပိန်နဲ့ပွဲက နောက်ဆုံးကမ္ဘာ့ဖလားပွဲ မဖြစ်စေဖို့ မျှော်လင့်ကြောင်း စီရော်နယ်လ်ဒို ပြောကြား
Photo: X
Photo: X
Published 6 July 2026

ပေါ်တူဂီအသင်းခေါင်းဆောင် တိုက်စစ်မှူး စီရော်နယ်လ်ဒိုက ၂၀၂၆ ကမ္ဘာ့ဖလားက သူ့အတွက် နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်ကြောင်း အတည်ပြုခဲ့ပေမဲ့ စပိန်နဲ့ ယှဉ်ပြိုင်ရမယ့်ပွဲက နောက်ဆုံးကမ္ဘာ့ဖလားပွဲ မဖြစ်စေဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

အသက်(၄၁)နှစ်ရှိပြီဖြစ်တဲ့ စီရော်နယ်လ်ဒိုက ကမ္ဘာ့ဖလားပြိုင်ပွဲကို (၆)ကြိမ်မြောက် ယှဉ်ပြိုင်ကစားနေတာဖြစ်ပြီး ချန်ပီယံဆုတော့ ရယူနိုင်ခြင်း မရှိသေးပါဘူး။

ဒါကြောင့် ပေါ်တူဂီနိုင်ငံက ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ယှဉ်ပြိုင်ကစားဖွယ်ရှိကြောင်း ထင်ကြေးပေးခဲ့ကြပေမဲ့ လက်ရှိပြိုင်ပွဲက နောက်ဆုံးကမ္ဘာ့ဖလားဖြစ်ကြောင်း  အတည်ပြုခဲ့တာပါ။

''ဒါက ကျွန်တော့်ရဲ့  နောက်ဆုံးကမ္ဘာ့ဖလား ဖြစ်လာမှာပါ။ ဒါပေမဲ့ မနက်ဖြန်က ကျွန်တော့်ရဲ့ နောက်ဆုံးပွဲ ဖြစ်မလာဖို့ မျှော်လင့်ပါတယ်။ အနားယူရမယ့် နေ့ရက်က ရောက်လာမှာပါ။ ဒါပေမဲ့ အရိုးသားဆုံးပြောရရင် မနက်ဖြန် ဘာမဆို ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်က လိပ်ပြာလုံလုံနဲ့ ထွက်ခွာသွားမှာပါ။ (၁၀၀)ရာခိုင်နှုန်းမဟုတ်ပါဘူး။ (၁၀၀၀)ရာခိုင်နှုန်းပါ။ ဘာကြောင့်လဲဆိုတာ့ ကျွန်တော် ဘောလုံးအတွက် အရာအားလုံးပေးခဲ့ပြီးတာကြောင့်ပါ။ ကျွန်တော် ဘောလုံးကစားနေတာ အဲဒီအရာကို ချစ်လို့ပါ။ အဲဒါက နေ့တိုင်း ပျော်ရွှင်စေပါတယ်။ ကျွန်တော် ဒီကမ္ဘာ့ဖလားမှာ (၃)ဂိုးသွင်းထားပါတယ်။ ကျွန်တော် အရမ်းဆိုးဆိုးရွားရွားမဖြစ်ခဲ့ပါဘူး။ မှန်တယ်မဟုတ်လား'' လို့ စီရော်နယ်လ်ဒိုက ပြောကြားခဲ့ပါတယ်။

စီရော်နယ်လ်ဒိုက ပေါ်တူဂီအသင်းအတွက် (၂၃၂)ပွဲကစားကာ (၁၄၆)ဂိုး သွင်းယူထားသူဖြစ်ပြီး အသင်းရဲ့ ပွဲအများဆုံးကစားသမား၊ ဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေပါတယ်။

စီရော်နယ်လ်ဒိုက ကလပ်အသင်းမှာတော့ ဆက်ကစားသွားမှာဖြစ်ပြီး ကစားသမားဘဝ ဂိုး(၁၀၀၀)ပြည့်သွင်းယူနိုင်ဖို့ ရည်မှန်းထားပါတယ်။

 

Most Read

Most Recent