အီရန်နိုင်ငံတွင် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် ကွယ်လွန်ခဲ့သည့် အမြင့်ဆုံးခေါင်းဆောင် ဟောင်း အယာတိုလာ အလီ ခါမေနီ၏ ဈာပနအခမ်းအနားတွင် ၎င်း၏ သားသုံးဦးသည် လူမြင်ကွင်းသို့ ထွက်ပေါ်လာခဲ့သည်။
ဇူလိုင် ၅ ရက်က ခါမေနီ၏ သားသုံးယောက်သည် ခါမေနီ၏ ခေါင်းတလားနှင့်အတူ အခြားမိသားစုဝင်လေးဦး၏ ခေါင်းတလားများဘေးတွင် ဆုတောင်းမှုများပြုလုပ်ခဲ့သည်။
သို့သော် ခါမေနီ၏ နေရာကို ဆက်ခံသည့် ဒုတိယမြောက် သားဖြစ်သူ မိုဂျ်တာဘာ အလီခါမေနီမှာမူ ဈာပနအခမ်းအနားများသို့ တက်ရောက်လာခဲ့ခြင်းမရှိပေ။
တီဟီရန်မြို့တော်ရှိ ကြီးမားကျယ်ဝန်းလှသော အီမန်ခိုမေနီ ဗလီကြီး၏ ကွင်းပြင်ကျယ်အတွင်း၌ ချထားသော ခေါင်းတလားများ၏ အနောက်ဘက်တွင် ခါမေနီ၏ သားသုံးဦးဖြစ်သည့် မော့စ်တာဖာ်၊ မေဆမ်နှင့် မာဆုဒ် ခါမေနီတို့ ဆုတောင်းနေကြပုံကို နိုင်ငံပိုင်ရုပ်သံလိုင်းက ထုတ်လွှင့်ပြသခဲ့သည်။
ခါမေနီနှင့် ၎င်း၏မိသားစုဝင်အချို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့က အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် စစ်ပွဲစတင်ဆင်နွှဲချိန်အတွင်း လေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။
ခါမေနီအတွက် လူထုလိုက်ပါပို့ဆောင်မည့် ဈာပနအခမ်းအနားများကို တစ်ပတ်ကြာ ကျင်းပလျက်ရှိပြီး ထိုအခမ်းအနားများတွင် ခါမေနီ၏ ရုပ်အလောင်းကို အိမ်နီးချင်း အီရတ်နိုင်ငံရှိ ရှီးအိုက် ဘာသာရေး အထွတ်အမြတ်နေရာများသို့ ယူဆောင်ဂါရဝပြုခြင်းလည်း ပါဝင်သည်။
အမေရိကန်နှင့် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ခါမေနီနှင့် မိသားစုဝင်အချို့ သေဆုံးခဲ့ချိန်က ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်ဆိုသည့် မိုဂျ်တာဘာသည် အီရန်၏ အမြင့်ဆုံးခေါင်းဆောင်ရာထူးကို ဆက်ခံခဲ့ပြီးနောက် ယနေ့အချိန်အထိ လူမြင်ကွင်းသို့ ထွက်ပေါ်လာခြင်း သို့မဟုတ် ၎င်း၏ ဓာတ်ပုံကို လူသိရှင်ကြားထုတ်ပြန်ခြင်းမျိုး မရှိသေးပေ။
Ref:Reuters















