PDF များယာယီစိုးမိုးထားသော ရာဇဂြိုဟ်ကျေးရွာနှင့် ရာဇဂြိုဟ်ရေလှောင်တမံကို တပ်မ​တော်က ပြန်လည်ထိန်းချုပ်

PDF များယာယီစိုးမိုးထားသော ရာဇဂြိုဟ်ကျေးရွာနှင့် ရာဇဂြိုဟ်ရေလှောင်တမံကို တပ်မ​တော်က ပြန်လည်ထိန်းချုပ်
Published 14 June 2026

ကလေး - တမူးလမ်းကြောင်း ပြန်လည်ထိန်းချုပ် ဖွင့်လှစ်နိုင်ရေး​ဆောင်ရွက်​နေသည့် တပ်မတော်စစ်ကြောင်းများက  PDF များယာယီစိုးမိုးထားသော ရာဇဂြိုဟ်ကျေးရွာနှင့် ရာဇဂြိုဟ်ရေလှောင်တမံအား ပြန်လည်ထိန်းချုပ်ရရှိခဲ့​ကြောင်း သိရသည်။

အဆိုပါ ကလေး-တမူးလမ်းကြောင်းတစ်လျှောက်အား ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေး နိုင်ရေးအတွက် တပ်မတော်စစ်ကြောင်းများက ဇွန် ၇ ရကမှစတင်၍ ကလေးဘက်မှ လည်းကောင်း၊ တမူးဘက်မှလည်းကောင်း စစ်ကြောင်းများအသီးသီးခွဲကာ  နယ်မြေရှင်းလင်းခြင်းလုပ်ငန်းများကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ရာ ဇွန် ၁၃ ရက် ညနေပိုင်းတွင် ကလေးဘက်မှ နယ်မြေရှင်းလင်းလာသော စစ်ကြောင်းသည် ရာဇဂြိုဟ်ကျေးရွာအား ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီး ဇွန် ၁၄ ရက်တွင်လည်း ရာဇဂြိုဟ် ရေလှောင်တမံအား ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့​ကြောင်းသိရသည်။

ရာဇဂြိုလ်ရေလှောင်တမံသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် မြောက်ပိုင်းရှိ ရာဇဂြိုလ်ကျေးရွာအနီးတွင်တည်ရှိကာ ကဘော်ချိုင့်ဝှမ်းဒေသအတွင်း စိုက်ပျိုးရေ ပေးဝေရေး၊ လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးတို့အတွက် ရည်ရွယ်ဆောက်လုပ်ထားသည့် တာတမံ ဖြစ်ပြီး ၂၀၀၃-၂၀၀၄ ခုနှစ်မှ စတင်တည်ဆောက်ခဲ့ရာ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် အောင်မြင်စွာပြီးစီးခဲ့သဖြင့် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်တွင် စတင်လည်ပတ်ခဲ့ကာရာဇဂြိုလ် ရေလှောင်တမံ၏ လျှပ်စစ်ဓါတ်အားထုတ်လုပ်မှုအနေဖြင့် စက်တပ်စွမ်းအား ၄ မဂ္ဂါဝပ်ရှိပြီး ရေလှောင်နိုင်စွမ်းမှာ ၅၂၀၀၀ ဧကပေရှိသဖြင့် စိုက်ပျိုးမြေဧရိယာ ၈၀၀၀ ဧကကို ရေပေးဝေ နိုင်သဖြင့် ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဘဝကို ဖွံ့ဖြိုးတိုးတက်အောင် တစ်ဘက်တစ်လမ်း မှ အထောက်အကူပြုလျက်ရှိ​ကြောင်း သိရသည်။

ထို့ပြင် သောင်းကျန်းသူများအနေဖြင့် ရာဇဂြိုလ်ရေလှောင်တမံအား ထိန်းချုပ် ထားစဉ်အတွင်း အဆိုပါရေလှောင်တမံကြီး၌ ဘန်ကာများ၊ ပစ်ကျင်းများပြုလုပ်၍ စစ်စခန်း အဖြစ် အသုံးပြုလျက်ရှိသည့်အပြင် ပြည်သူများ၏ လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေရရှိရေး၊ စိုက်ပျိုးရေးရေရရှိရေးများအတွက် ထောက်ထားငဲ့ညှာမှုမရှိဘဲ ၎င်းတို့ကိုယ်ကျိုးစီးပွား အတွက်သာ လိုအပ်သလို အသုံးချပြီး ရေထိန်းတံခါးများအား ဖွင့်ခြင်း/ပိတ်ခြင်းများ ဆောင်ရွက်ခဲ့သဖြင့် ပတ်ဝန်းကျင်ကျေးရွာနေပြည်သူများ လျှပ်စစ်မီးမရရှိခြင်း၊ သောက်သုံးရေ ဖူလုံစွာ မရရှိခြင်းနှင့် စိုက်ပျိုးရေ ဖူလုံစွာမရရှိခြင်းများ ဖြစ်ပေါ်ခဲ့ရ​ကြောင်းသျရသည်။

 တပ်မတော်စစ်ကြောင်းများအနေဖြင့် ယခုကဲ့သို့ PDF များ ယာယီစိုးမိုး ထိန်းချုပ်ထားခဲ့သည့် ရာဇဂြိုလ်ရေလှောင်တမံအား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်းကြောင့် ရေထိန်းတံခါးများအား ပုံမှန်ချိန်အတိုင်း စနစ်တကျ ဖွင့်/ပိတ်ခြင်း၊ ရေထိရေလှောင်ခြင်း၊ ရာသီအလိုက် စနစ်တကျရေပေးဝေခြင်း၊ ရေလွှတ်ခြင်းများဆောင်ရွက်ပြီး ဒေသခံပြည်သူများအတွက် လျှပ်စစ်မီးများ၊ သောက်သုံးရေများ၊ စိုက်ပျိုးရေများ ဖူလုံစွာရရှိအောင် ဆောင်ရွက်နိုင်တော့မည်ဖြစ်​​​ကြောင်း သိရသည်။

PDF ပူးပေါင်းအဖွဲ့များသည် ကလေး-တမူး လမ်းကြောင်းတစ်လျှောက်အား ယာယီစိုးမိုးထားစဉ်အတွင်း ၎င်းလမ်း ကြောင်းတစ်လျှောက်၌ သွားလာနေကြသည့် ကုန်တင်ယာဉ်များနှင့် ခရီးသွားယာဉ်များအား ​ငွေကြေးများကောက်ခံခြင်း၊ လက်နက်ဖြင့် ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ မော်တော်ယာဉ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ကုန်ပစ္စည်းများအား လုယက်ယူဆောင်ခြင်းစသည့် လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိရာ ကုန်စည်စီးဆင်းမှုများ နှောင့်နှေးခဲ့ရပြီး ဒေသခံပြည်သူများအနေဖြင့် လူသုံးကုန်နှင့် စားသောက်ကုန်များကို ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူစားသုံးနေရပြီး လူမှုစီးပွားဘဝများ အနိမ့်ဆုံးသို့ကျဆင်းခဲ့ရသည်ဟု တပ်မ​​တော်၏ သတင်းထုတ်ပြန်မှုတွင် ​ဖော်ပြထားသည်။

ထို့ပြင် PDF များသည် လမ်းကြောင်းတစ်လျှောက်ရှိကျေးရွာများအတွင်းဝင်ရောက်၍အတင်းအဓမ္မ လူသစ်စုဆောင်းခြင်း၊ ​ငွေကြေးကောက်ခံခြင်း၊ ပြည်သူလူထု၏နေအိမ်များ၊ ဘာသာရေးဆိုင်ရာအဆောက်အအုံများ၊ စာသင်ကျောင်းများ၌ သဲအိတ်များအသုံးပြု၍ ဘန်ကာများဆောက်လုပ်ခြင်း၊ ဆက်သွယ်ရေးမြောင်းများ၊ ပစ်ကျင်းများ တူး၍ စစ်စခန်းအဖြစ်အသုံးပြုပြီး ယာယီခံစစ်ဆင်ကာ တပ်မတော်စစ်ကြောင်းများအား ပစ်ခတ် တိုက်ခိုက်ခဲ့​ကြောင်းသိရသည်။

အလားတူ PDF များသည် ကျေးရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ရန်အတွက် ရာဇဂြိုဟ်ကျေးရွာရှိ ပြည်သူလူထု၏နေအိမ်များ၌ သဲအိတ် များ၊ တာယာကွင်းများ အသုံးပြု၍ ဘန်ကာများဆောက်လုပ်ကာ ပစ်ကျင်းများတူး၍ စစ်စခန်း အဖြစ် အသုံးပြုပြီး ယာယီခံစစ်ဆင်ထားသည်ကိုလည်း တွေ့ရှိရပြီး ယခုအခါ တပ်မတော်စစ်ကြောင်းများက ဒေသတွင်း ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် နေထိုင်လုပ်ကိုင်စားသောက်နိုင်ရန်အတွက် ကလေး-တမူးလမ်းကြောင်းကို အမြန်ဆုံးပြန်လည် ထိန်းချုပ်ဖွင့်လှစ်နိုင်ရေး သောင်းကျန်သူများအား တိုက်ခိုက်ချေမှုန်းနိုင်ရေး နယ်မြေ လုံခြုံရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent