■ တိုင်းနှင့်ပြည်နယ် ကိုးခုရှိ မြို့နယ်ပေါင်း ၆၀ ကို ရက် ၉၀ အရေးပေါ်အခြေအနေ ကြေညာ

■ တိုင်းနှင့်ပြည်နယ် ကိုးခုရှိ မြို့နယ်ပေါင်း ၆၀ ကို ရက် ၉၀ အရေးပေါ်အခြေအနေ ကြေညာ
Published 23 April 2026

■ တိုင်းနှင့်ပြည်နယ် ကိုးခုရှိ မြို့နယ်ပေါင်း ၆၀ ကို ရက် ၉၀ အရေးပေါ်အခြေအနေ ကြေညာ

■အရေးပေါ်အခြေအနေ‌ကြေညာသည့် မြို့နယ်များကို စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်၍ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတာဝန်များအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အပ်နှင်း

 

တိုင်းနှင့်ပြည်နယ် ကိုးခုရှိ မြို့နယ်ပေါင်း ၆၀ ကို ဧပြီ ၂၃ ရက်တွင် နိုင်ငံတော်သမ္မတရုံးက အရေးပေါ်အခြေအနေကြေညာကြောင်း သိရသည်။

အဆိုပါ အရေးပေါ်အခြေအနေ‌ကြေညာသည့် မြို့နယ်များကို စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်၍ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတာဝန်များအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အပ်နှင်းလိုက်ကြောင်း သိရသည်။

လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းမှုများ ချုပ်ငြိမ်းစေရန်နှင့် နယ်မြေဒေသ တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ထိရောက်စွာဆောင်ရွက်နိုင်ရန်အလို့ငှာ ဖော်ပြပါတိုင်းဒေသကြီး နှင့်ပြည်နယ်များရှိ ဖော်ပြပါမြို့နယ်များကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်)၊ ပုဒ်မ ၄၁၂ (က) အရ အရေးပေါ်အခြေအနေ ကြေညာလိုက်ကြောင်း သိရသည်။

အရေးပေါ်အခြေအနေကြေညာသည့် မြိုနယ်များမှာ ကချင်ပြည်နယ်အတွင်းရှိ ဆွမ်ပရာဘွမ်၊ ရွှေကူ၊ အင်ဂျန်းယန်၊ ဆော့လော်နှင့် ချီဖွေမြို့နယ်၊ ကယားပြည်နယ်အတွင်းရှိ ရှားတော၊ ဖားဆောင်း၊ မယ်စဲ့၊ ကရင်ပြည်နယ်အတွင်းရှိ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး၊ ချင်းပြည်နယ်အတွင်းရှိ ကန်ပက်လက်၊ ထန်တလန်၊ ပလက်ဝ၊ တွန်းဇံ၊ မင်းတပ်၊ မတူပီနှင့် ဖလမ်းတို့ဖြစ်ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကောလင်း၊ ပင်လည်ဘူး၊ ခင်ဦး၊ ဝက်လက်၊ ကနီ၊ ဒီပဲယင်း၊ ပုလဲနှင့် အင်းတော်၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ ပေါက်၊ မြိုင်၊ ဆော၊ ထီးလင်းနှင့် ရေစကြို၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ငါန်းဇွန်မြို့နယ်၊ ရခိုင်ပြည်နယ်အတွင်းရှိ ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ သံတွဲ၊ အမ်းနှင့် တောင်ကုတ်၊ ရှမ်းပြည်နယ်အတွင်းရှိ နမ္မတူ၊ မဘိမ်း၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ သိန္နီ၊ ကွမ်းလုံ၊ နမ့်ဆန်၊ မန်တုံ၊ ဟိုပန်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မိုးမိတ်၊ ကျောက်မဲ၊ သီပေါနှင့် မိုင်းလားစသည်တို့ဖြစ်‌ကြောင်း သိရသည်။

ယင်းဥပဒေကဲ့သို့အာဏာတည်သောအမိန့် (၁ / ၂ဝ၂၆) ဖြင့် အရေးပေါ်အခြေအနေ ကြေညာထားသည့် မြို့နယ်များတွင် အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေခြင်းငှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (ခ) အရ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်၍ အဆိုပါမြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတာဝန်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အပ်နှင်း လိုက်ကြောင်း သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ယင်းလုပ်ပိုင်ခွင့်နှင့် တာဝန်များကို မိမိကိုယ်တိုင် ကျင့်သုံးဆောင်ရွက်ခြင်း သို့မဟုတ် သင့်လျော်သည့် စစ်ဘက်အာဏာပိုင်တစ်ဦးဦးကို ကျင့်သုံး ဆောင်ရွက်စေခြင်းပြုနိုင်ကြောင်း၊ ဤအမိန့်သည် ယနေ့မှစ၍ ရက်ပေါင်း (၉ဝ) အထိ အတည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သည်။

Most Read

Most Recent