■ သတ်မှတ်ခွင့်ပြုထားသည့် ကိစ္စရပ်များမှလွဲ၍ တင်ဒါခေါ်ယူသည့်ဌာန အားလုံး၌ လိုက်နာအသုံးပြုရမည့် တစ်ပြေးညီစံသတ်မှတ်ထားသော တင်ဒါစည်းမျဉ်းစည်းကမ်းများကို ခိုင်မာစွာ ချမှတ်ပေးရန် အစီစဉ် ရှိ၊ မရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မေးမြန်း

■ သတ်မှတ်ခွင့်ပြုထားသည့် ကိစ္စရပ်များမှလွဲ၍ တင်ဒါခေါ်ယူသည့်ဌာန အားလုံး၌ လိုက်နာအသုံးပြုရမည့် တစ်ပြေးညီစံသတ်မှတ်ထားသော တင်ဒါစည်းမျဉ်းစည်းကမ်းများကို ခိုင်မာစွာ ချမှတ်ပေးရန် အစီစဉ် ရှိ၊ မရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မေးမြန်း
Published 11 June 2026

မေးမြန်းထားသည့် အချက်အလက်များအားလုံးသည် လက်ရှိဆောင်ရွက်ထားပြီးဖြစ်ပါကြောင်းနှင့် မရှင်းလင်း သည့် အချက်အလက်များကို သိရှိလိုပါကလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနကို မည်သည့်လွှတ်တော် ကိုယ်စားလှယ်မဆို လာရောက်ဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ပါကြောင်း ဒုတိယဝန်ကြီး ပြန်လည်ဖြေကြား

သတ်မှတ်ခွင့်ပြုထားသည့် ကိစ္စရပ်များမှလွဲ၍ တင်ဒါခေါ်ယူသည့်ဌာန အားလုံး၌ လိုက်နာအသုံးပြုရမည့် တစ်ပြေးညီစံသတ်မှတ်ထားသော တင်ဒါစည်းမျဉ်းစည်းကမ်းများကို ခိုင်မာစွာ ချမှတ်ပေးရန် အစီစဉ် ရှိ၊ မရှိ မေးခွန်းအား ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၄) ဦးအောင်ကျော်မင်း က မေးမြန်းခဲ့သည်။

ယနေ့(ဇွန် ၁၁ ရက်)က ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဆောင်ရွက်သော တည်ဆောက်ရေးလုပ်ငန်းများ၌ တင်ဒါစနစ်ဖြင့် ရွေးချယ်ရာတွင် တင်ဒါစည်းမျဉ်း စည်းကမ်းများ ပြည့်စုံမှန်ကန်ပြီး တစ်ပြေးညီဖြစ်စေရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်း သည့် မေးခွန်းအား  ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၄) ဦးအောင်ကျော်မင်း က မေးမြန်းခဲ့ခြင်း ဖြစ်သည်။

မိမိတို့နိုင်ငံ၌ နိုင်ငံတော်ရန်ပုံငွေနှင့် ဆောင်ရွက်ရသည့် လမ်း၊ တံတားနှင့် အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများ၌ ကန့်သတ်ထားသည့်လုပ်ငန်းများမှလွဲ၍ တင်ဒါခေါ်ယူပြီး ဆောင်ရွက်ကြရကြောင်း၊ ယင်းသို့ ဆောင်ရွက်သည့်ရာတွင် ဝန်ကြီးဌာန တစ်ခုနှင့် တစ်ခု၊ ဒေသ တစ်ခုနှင့် တစ်ခု၊ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ ကွဲပြားနေတတ်သည်ကို သတိပြုမိပါကြောင်းနှင့် အချို့သော တင်ဒါစည်းမျဉ်းများသည် လုပ်ငန်းရှင်ကြီးများသာ လုပ်ကိုင်နိုင်ပြီး ဒေသခံလုပ်ငန်းရှင်ငယ်များ ဝင်ရောက်ယှဉ်ပြိုင်နိုင်စွမ်း မရှိအောင် ကန့်သတ်ထားသလိုမျိုး ဖြစ်နေတတ်ကြောင်း ဦးအောင်ကျော်မင်း က ပြောကြားသည်။

တင်ဒါစိစစ်ရွေးချယ်ရေး လုပ်ငန်းတွေမှာလည်း တစ်ချို့ကိစ္စတွေမှာ ပွင့်လင်းမြင်သာမှု အားနည်းတာ ကြောင့် ပြည်သူ့ဘဏ္ဍာငွေများကို လေ့လွင့်ဆုံးရှုံးတတ်တာနဲ့ အရည်အသွေး မပြည့်မီတဲ့လုပ်ငန်းတွေလည်း ဖြစ်ပေါ်စေတတ်ပါတယ်။ ဒါကြောင့်မလို့ တင်ဒါစည်းကမ်းချက်တွေဟာ ခိုင်မာရှင်းလင်းပြီးတော့ အဂတိ ကင်းစင်သော၊ တစ်ပြေးညီ ပါဝင်နိုင်သော စံနမူနာပြ တင်ဒါစနစ်ဖြစ်ဖို့ရာ အလွန်အရေးကြီးပါတယ် ဟု ဦးအောင်ကျော်မင်း က ပြောကြားသည်။

နိုင်ငံတော်၏ အများပြည်သူဆိုင်ရာ ဘဏ္ဍာရေးစီမံခန့်ခွဲမှု ပိုမိုကောင်းမွန်စေရန်နှင့် မျှတမှုရှိစေရန်အတွက် (၁) ချွင်းချက်အနေနဲ့ သတ်မှတ်ခွင့်ပြုထားတဲ့ကိစ္စရပ်တွေကလွဲလို့ တစ်နိုင်ငံလုံးမှာရှိတဲ့ တင်ဒါခေါ်ယူတဲ့ ဌာန အားလုံးမှာ လိုက်နာအသုံးပြုရမယ့် တပြေးညီစံသတ်မှတ်ထားတဲ့ တင်ဒါစည်းမျဉ်းစည်းကမ်းများကို ခိုင်မာစွာ ချမှတ်ပေးရန် အစီစဉ် ရှိ၊ မရှိ၊ (၂) တင်ဒါရွေးချယ်ရာမှာ စျေးနှုန်းတစ်ခုတည်းကိုသာ အဓိကမထားဘဲ အရည်အသွေး၊ အတိတ်မှဆောင်ရွက် ချက်များ၊ နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှုနဲ့ ဒေသခံဖြစ်မှု စတဲ့ အချက်အလက်များကိုပါ တိကျတဲ့ အမှတ်ပေးစနစ်နဲ့ ပွင့်လင်းမြင်သာစွာ အမှတ်ပေးရွေးချယ်ပေးရန် အစီအစဉ် ရှိ၊ မရှိ၊(၃) တင်ဒါအောင်မြင်သွားတဲ့ ကုမ္ပဏီတွေရဲ့ အချက်အလက်တွေနဲ့ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေတွေကို ပြည်သူလူထုက အလွယ်တကူ သိရှိနိုင်ရန်အတွက် ဖော်ပြပေးရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါကြောင်း မေးမြန်းအပ်ပါကြောင်း ဦးအောင်ကျော်မင်း က ပြောကြားသည်။

အဆိုပါမေးခွန်းနှင့်ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့် က ပြန်လည်ဖြေကြားရာတွင် “ တင်ဒါနှင့်ပတ်သက်၍ လမ်းညွှန်ချက်များအနေဖြင့် ယခင်နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ခဲ့သည့် အစိုးရ အဖွဲ့အစည်းများ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်း ဆောင်ရွက်ရာတွင် လိုက်နာရမည့် တင်ဒါလုပ်ထုံးလုပ်နည်း ညွှန်ကြားချက်အမှတ်(၁/၂၀၁၇)၊ တည်ဆောက်ရေးလုပ်ငန်းများအတွက် နိုင်ငံတော်ရန်ပုံငွေဖြင့် တောင်းခံခြင်းနှင့် တင်ဒါဆိုင်ရာ စံသတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများဆိုင်ရာ ညွှန်ကြားချက်အမှတ်(၇/၂၀၂၀)၊ အစိုးရ၏ ဝယ်ယူခြင်း၊ နိုင်ငံပိုင်ပစ္စည်းများ ထုခွဲခြင်းနှင့် ငှားရမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာကျင့်သုံးရမည့် ညွှန်ကြားချက်မှတ်(၁/၂၀၂၂)၊ ငလျင်နှင့်ပတ်သက်၍ မန္တလေးငလျင်ကြီးဒဏ်သင့် နိုင်ငံပိုင်အဆောက်အအုံများ ပြုပြင်ခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်းဆိုင်ရာ ညွှန်ကြားချက်အမှတ်(၁/၂၀၂၅)တို့ကို ထုတ်ပြန်ကြေညာ ထားပြီးဖြစ်ပါတယ်။ ဒီထုတ်ပြန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ဖို့ လိုပါတယ်ဟု ပြောကြားသည်။

တင်ဒါရွေးချယ်ရာတွင် စျေးနှုန်းတစ်ခုတည်းသာ အဓိကမထားဘဲ အရည်အသွေး၊ အတိတ်မှလုပ်ဆောင်ချက်၊ နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှုနှင့် ဒေသခံဖြစ်မှု စသည်အချက်များကို တိကျသည့် အမှတ်ပေးစနစ်ဖြင့် ပွင့်လင်းမြင်သာစွာ ရွေးချယ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်ပတ်သက်၍ “ တင်ဒါဖွင့်ဖောက်ရာမှာ စျေးနှုန်းတစ်ခုတည်းကိုသာ အဓိကမထားဘဲ ရွေးချယ်ခြင်းနှင့်ပတ်သက်၍ ယခင် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက်(၇/၂၀၂၀)၊ စာပိုဒ်အမှတ်(၆၂) ဖော်ပြပါ စာပိုဒ်ဖြစ်ပါတယ်။ ကျပ်သန်း ၃၀၀ နှင့်အောက် နည်းပညာအောင်မြင်သည့် အဖွဲ့များရဲ့ စျေးနှုန်းအဆိုပြုလွှာများကို ဖွင့်ဖောက်၍ စျေးနှုန်းအနိမ့်ဆုံးတင်သွင်းသူကို ရွေးချယ်ရမည်ဟုလည်းကောင်း၊ စာပိုဒ်အမှတ်(၆၃)တွင် ကျပ်သန်း ၃၀၀ အထက်ရှိသော တည်ဆောက်ရေးလုပ်ငန်းများအတွက် အနည်းဆုံးစျေးနှုန်းကိုသာ ရွေးချယ်ရမည်မဟုတ်ဘဲ နည်းပညာ စံချိန်စံညွှန်းကိုက်ညီသော တင်ဒါ တင်သွင်းသူများအနက်မှ နည်းပညာရမှတ်၊ စျေးနှုန်းရမှတ် စုစုပေါင်းရမှတ် အများဆုံးရရှိသည့် တင်ဒါ တင်သွင်းသူကိုသာ ရွေးချယ်ရမည်ဟူ၍လည်းကောင်း ပါရှိသည့် အပြင် နည်းပညာရမှတ်၊ စျေးနှုန်းရမှတ် တို့၏ ရာခိုင်နှုန်း သတ်မှတ်ချက်များကိုလည်း ဖော်ပြထားပြီး ဖြစ်ပါတယ် ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့် က ပြန်လည်ဖြေကြားသည်။

ထို့အပြင် စာပိုဒ် (၉၂)နမှ (၉၈)အထိ စာပိုဒ်များတွင် ဒေသအတွင်းရှိ အသေးစား၊ အလတ်စား ဆောက်လုပ်ရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်တွင်းလုပ်သားများနှင့် ထုတ်ကုန်များ ပိုမိုငှားရမ်းသုံးစွဲစေရန် တင်ဒါ တင်သွင်းသူ၏ ဘဏ္ဍာရေး အခြေအနေနှင့် အလားတူ လုပ်ငန်းအတွေ့အကြုံ လိုအပ်ချက်အမှတ်များကို အတိုးအလျော့ဖြင့် သတ်မှတ်နိုင်သည်ဟု ဖော်ပြထားပြီး ဖြစ်ကြောင်းနှင့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့် က ပြောကြားသည်။

ထို့အပြင် တင်ဒါအောင်မြင်သွားသော ကုမ္ပဏီများ၏ အချက်အလက်များနှင့် လုပ်ငန်းပြီးစီးမှု အခြေအနေများကို ပြည်သူလူထုက အလွယ်တကူ သိရှိနိုင်ရန် ယခင် နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားချက်အမှတ်(၇/၂၀၂၀)၊ စာပိုဒ်အမှတ်(၁၁၀)နှင့် စာပိုဒ်အမှတ်(၁၄၁-က)တို့တွင် ဖော်ပြထားပြီး ဖြစ်ကြောင်း၊ တင်ဒါအောင်မြင်သူများ စာရင်းနှင့် တည်ဆောက်ရေးလုပ်ငန်း တိုးတက်မှုများကို အများပြည်သူ လွယ်လင့်တကူ သိရှိနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ကြေညာသင်ပုန်း၊ Website တွင် လွှင့်တင်ထားရမည်ဟု ပါရှိပြီးဖြစ်ပါသဖြင့် ကိုယ်စားလှယ်တော်ကြီး မေးမြန်းထားသည့် အချက်အလက်များ အားလုံးသည် လက်ရှိဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါကြောင်းနှင့်  မရှင်းလင်းသည့် အချက်အလက်များကို သိရှိလိုပါကလည်း မိမိတို့ ဆောက်လုပ်ရေးဝန်ကြီးဌာနကို မည်သည့်လွှတ်တော်ကိုယ်စားလှယ်မဆို လာရောက်ဆွေးနွေးနိုင်ပါရန် ဖိတ်ခေါ်အပ်ပါကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့် က ပြောကြားသည်။

Most Read

Most Recent