■ စားအုန်းဆီကို အမှန်တကယ် အသုံးမပြုဘဲ တစ်ဆင့်ပြန်လည်ရောင်းချသူများအား စိစစ်အရေးယူဆောင်ရွက်လျက်ရှိဟု ဆို

■ စားအုန်းဆီကို အမှန်တကယ် အသုံးမပြုဘဲ တစ်ဆင့်ပြန်လည်ရောင်းချသူများအား စိစစ်အရေးယူဆောင်ရွက်လျက်ရှိဟု ဆို
Published 13 July 2026

စားအုန်းဆီကို အမှန်တကယ် အသုံးမပြုဘဲ တစ်ဆင့်ပြန်လည်ရောင်းချသူများအား စိစစ်အရေးယူဆောင်ရွက်လျက်ရှိကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

ပြည်ပမှ တင်သွင်းသည့် စားအုန်းဆီကို ဇူလိုင်လအတွက် ပြည်သူများထံဖြန့်ဖြူးရာတွင် တိုင်းဒေသကြီး/ပြည်နယ်အလိုက် လူဦးရေနှင့် စားသုံးမှုနှုန်းအပေါ် မူတည်၍ယခင်လများ၏ ဖြန့်ဖြူးမှုအပေါ် အခြေခံလျာထားပြီး၊ လျာထားသည့်အတိုင်း အပြည့်အဝ ရောက်ရှိစေရေး အသုတ်လိုက် ဖြန့်ခွဲပေးလျက်ရှိကြောင်း၊ ဝယ်ယူရရှိထားသည့် စားအုန်းဆီကို အမှန်တကယ် အသုံးမပြုဘဲ တစ်ဆင့် ပြန်လည်ရောင်းချသူများအား စိစစ်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း စားသုံးသူရေးရာဦးစီးဌာနက ထုတ်ပြန်သည်။

ထို့ပြင် စက်မှုလုပ်ငန်းသုံး စားအုန်းဆီကိုလည်း အမှန်တကယ် လိုအပ်သည့် လုပ်ငန်းအရေအတွက်ပေါ် အခြေခံ စိစစ်တွက်ချက်ပြီး ဖြန့်ဖြူးရောင်းချရန် စီစဉ်ပေးလျက်ရှိကြောင်း၊ စားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်း၊ စားသောက်ဆိုင် လုပ်ငန်း၊ ဟိုတယ်လုပ်ငန်း အစရှိသည့် လုပ်ငန်းများထံ အပြည့်အဝ ရောက်ရှိစေရေးအတွက် စက်မှုလုပ်ငန်းသုံးများအတွက် လိုအပ်သည့် စားအုန်းဆီ ထုတ်ယူရရှိရေး ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းအဖွဲ့ဆောင်ရွက်ပေးနေကြောင်း၊ စားသုံးသူ ပြည်သူများထံ အပြည့်အဝ ရောက်ရှိရေးအတွက် သက်ဆိုင်ရာဒေသများတွင် ဖွဲ့စည်းထားသည့် စားသုံးဆီ ဖြန့်ဖြူးရောင်းချရေးကြီးကြပ်ရေးအဖွဲ့အဆင့်ဆင့် ကြီးကြပ်ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ယင်းကြောင့် စားသုံးသူပြည်သူများထံ အပြည့်အဝ ရောက်ရှိစေရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စားသောက်ကုန် ထုတ်လုပ်သည့်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်း အစရှိသည့်လုပ်ငန်းရှင်များထံ အပြည့်အဝ ရောက်ရှိစေရေး ဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် လုပ်ငန်းရှင်များအနေဖြင့်လည်း အမှန်တကယ်လိုအပ်သည့် အရေအတွက်ကိုသာလျှောက်ထားဝယ်ယူအသုံးပြုရန် လိုအပ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနက အသိပေးထားသည်။

Most Read

Most Recent