ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဥက္ကဋ္ဌ အင်ဖန်တီနိုက ကမ္ဘာ့ဖလားကို (၆၄)သင်းပါဝင်တဲ့ပြိုင်ပွဲအဖြစ် တိုးချဲ့ဖို့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ဆွေးနွေးသွားမယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲက အရင် (၃၂)သင်းပါဝင်တဲ့ ပြိုင်ပွဲကနေ (၄၈)သင်းပါဝင်တဲ့ ပြိုင်ပွဲအဖြစ် တိုးချဲ့ကျင်းပခဲ့တာဖြစ်ပြီး အောင်မြင်စွာကျင်းပနိုင်ခဲ့တာကြောင့် (၆၄)သင်းပါဝင်တဲ့ ပြိုင်ပွဲအဖြစ်လည်း တိုးချဲ့နိုင်လိမ့်မယ်လို့ အင်ဖန်တီနိုက ယုံကြည်နေကြောင်း သိရပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲကို (၆၄)သင်းပါဝင်တဲ့ပြိုင်ပွဲအဖြစ် တိုးချဲ့ဖို့ ပြီးခဲ့တဲ့နှစ်အတွင်း တောင်အမေရိကဘောလုံးအဖွဲ့ချုပ်က စတင်အဆိုပြုခဲ့တာပါ။
နှစ်(၁၀၀)ပြည့်အဖြစ် ကျင်းပမယ့် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၆၄)သင်းပြိုင်ပွဲအဖြစ် တိုးချဲ့ဖို့ အဆိုပြုခဲ့တာဖြစ်ပြီး တောင်အမေရိကအသင်း(၁၀)သင်းစလုံး ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိဖို့ ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရပါတယ်။
(၆၄)သင်းပြိုင်ပွဲအဖြစ် ကျင်းပမယ်ဆိုရင် စုစုပေါင်းပွဲအရေအတွက် (၁၂၈)ပွဲ ရှိလာမှာဖြစ်ပြီး (၃၂)သင်းပြိုင်ပွဲတုန်းကထက် နှစ်ဆမြင့်တက်လာမှာဖြစ်ကြောင်း သိရပါတယ်။
''ဒီကမ္ဘာ့ဖလားပြီးသွားရင် ဒီအကြောင်းအရာကို သေချာပေါက်ဆွေးနွေးသွားမှာပါ။ ကမ္ဘာ့ဖလားပြိုင်ပွဲက တစ်ကမ္ဘာလုံးအတွက်ပါ။ ဥရောပနဲ့ တောင်အမေရိကအတွက်တင် မဟုတ်ပါဘူး။ နိုင်ငံတိုင်းက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ခွင့်ရဖို့ အိပ်မက်မက်နိုင်သင့်ပါတယ်။ ကမ္ဘာအနှံ့မှာ အသင်းတွေရဲ့အရည်အသွေးမြင့်တက်နေတာကို ကျွန်တော်တို့ မြင်နိုင်ပါတယ်။ နိုင်ငံငယ်လေးတွေကို ကမ္ဘာ့ဖလားယှဉ်ပြိုင်ဖို့ အခွင့်အရေးမပေးဘူးဆိုရင် သူတို့ရဲ့တိုးတက်မှုကို ထိန်းသိမ်းဖို့ မက်လုံးမရှိတော့ဘဲ ဖြစ်သွားမှာပါ'' လို့ အင်ဖန်တီနိုက ပြောကြားခဲ့ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၃၀ ခုနှစ်မှာ အသင်း(၁၃)သင်းပါဝင်ယှဉ်ပြိုင်မှုနဲ့ အစပြုခဲ့တာဖြစ်ပြီး ၂၀၂၆ မှာ (၄၈)သင်းပါဝင်တဲ့ပြိုင်ပွဲ ဖြစ်လာခဲ့တာပါ။















