အင်္ဂလန်အသင်းဟာ နယူးကာဆယ်နောက်ခံလူ လစ်ဗရာမန်တို လေ့ကျင့်ရေးကွင်းမှာ ခြေသလုံးဒဏ်ရာရရှိပြီး ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ခဲ့ရတဲ့အတွက် ချယ်လ်ဆီးနောက်ခံလူ ချာလိုဘာကို အစားထိုးခေါ်ယူခဲ့ကြောင်း သိရပါတယ်။
လစ်ဗရာမန်တိုဟာ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ ခြေသလုံးဒဏ်ရာရခဲ့တာဖြစ်ပြီး (၆)ပတ်ဝန်းကျင် အနားယူရမှာဖြစ်တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကစားနိုင်တော့မှာမဟုတ်တဲ့အတွက် ချာလိုဘာကို အစားထိုးခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
လစ်ဗရာမန်တို(၂၃ နှစ်)ဟာ နယူးကာဆယ်အသင်းမှာလည်း ပေါင်ဒဏ်ရာရရှိခဲ့တာကြောင့် ပြီးခဲ့တဲ့ရာသီကုန်ခါနီး (၂)လောက် မကစားနိုင်ဘဲ အနားယူခဲ့ရသူဖြစ်ပါတယ်။
ဒါပေမဲ့ ခံစစ်ဘယ်ခြမ်းရော ညာခြမ်းမှာပါ ကစားနိုင်တာကြောင့် အင်္ဂလန်နည်းပြ တူဟယ်လ်က ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရပြီး နယူူးဇီလန်နဲ့ ခြေစမ်းပွဲမှာလည်း ကစားခွင့်ရခဲ့ပါတယ်။
လစ်ဗရာမန်တိုနေရာ အစားထိုးရွေးချယ်ခံခဲ့ရတဲ့ ချာလိုဘာက အင်္ဂလန်လက်ရွေးစင်အသင်းအတွက် တစ်ပွဲသာ ကစားဖူးသူဖြစ်ကြောင်း သိရပါတယ်။
အင်္ဂလန်အသင်းက ဖီဖာရဲ့ စည်းမျဉ်းနဲ့အညီ အုပ်စုအဖွင့်ပွဲမတိုင်ခင် (၂၄)နာရီအလိုမှာ ကစားသမားအပြောင်းအလဲ ပြုလုပ်ခဲ့ပေမဲ့ ချာလိုဘာက ခရိုအေးရှားနဲ့ အုပ်စုအဖွင့်ပွဲပြီးမှသာ အင်္ဂလန်အသင်းနဲ့ ပူးပေါင်းနိုင်မှာဖြစ်ကြောင်း သိရပါတယ်။















