စပိန်လက်ရွေးစင်အသင်းနည်းပြ ဒယ်လာဖွန်တေက ကြယ်ပွင့်ကစားသမား ယမားလ်အနေနဲ့ ကြံ့ခိုင်မှုပြည့်ဝနေပြီဖြစ်ပေမဲ့ ဒီညယှဉ်ပြိုင်မယ့် ကိတ်ဗက်နဲ့ပွဲမှာ ပွဲထွက်ကစားရမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
စပိန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု(H)မှာ ဥရုဂွေး၊ ကိတ်ဗက်၊ ဆော်ဒီတို့နဲ့ ကျရောက်နေပြီး ဒီည မြန်မာစံတော်ချိန် (၁ဝး၃၀)နာရီမှာ အုပ်စုအဖွင့်ပွဲအဖြစ် ကိတ်ဗက်နဲ့ ယှဉ်ပြိုင်ကစားရမှာပါ။
လာမယ့် ဇူလိုင်လမှာမှ အသက်(၁၉)နှစ်ပြည့်မယ့် ယမားလ်ဟာ စပိန်အသင်းနဲ့အတူ ပထမဆုံးကမ္ဘာ့ဖလားပြိုင်ပွဲ ဆင်နွှဲရမှာဖြစ်ပြီး ချန်ပီယံဆု ရယူနိုင်ဖို့ မျှော်လင့်နေပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ ဧပြီလက ဘာစီလိုနာအသင်းအတွက် လာလီဂါပွဲ ယှဉ်ပြိုင်စဉ် တံကောက်ကြောဒဏ်ရာ ရရှိခဲ့တာကြောင့် စပိန်အသင်းရဲ့ ကမ္ဘာ့ဖလားအကြို နောက်ဆုံးခြေစမ်းပွဲမှာ ပါဝင်ကစားနိုင်ခြင်း မရှိခဲ့ပါဘူး။
လက်ရှိအချိန်မှာတော့ ကြံ့ခိုင်မှုပြည့်ဝနေပြီဖြစ်တာကြောင့် ဆေးအဖွဲ့က ကိတ်ဗာဒီနဲ့ပွဲမှာ ပါဝင်ကစားဖို့ ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
''လာမင်း(ယမားလ်)က ပြီးပြည့်စုံတဲ့အခြေအနေကို ရောက်ရှိလာပါပြီ။ သူ ကောင်းမွန်ပါတယ်။ နီကိုဝီလီယံစ်နဲ့ ဗစ်တာမူနော့ဇ်တို့လည်း အတူတူပါပဲ။ သူတို့အားလုံး ကစားဖို့အသင့်ဖြစ်နေကြပြီး တချို့ကတော့ တစ်ပွဲလုံးကစားရမှာ မဟုတ်ပါဘူး။ ဘာပြဿနာမှ ရှိမလာဘူးဆိုရင် လာမင်း ကစားနိုင်ပြီလို့ ဆရာဝန်တွေက ပြောပါတယ်။ မိနစ်(၉၀)တော့ မဟုတ်ပါဘူး။ မိနစ်တချို့ပေါ့'' လို့ ဒယ်လာဖွန်တေက ပြောကြားခဲ့ပါတယ်။
စပိန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုရရှိဖို့ အလားအလာအကောင်းဆုံးအသင်းအဖြစ် သတ်မှတ်ခံထားရပါတယ်။















