ဟင်္သာတဘူတာအနီး လျပ်စစ်ပစ္စည်းဆိုင်ခန်း၌ မီးလောင်မှုဖြစ်ပွား

ဟင်္သာတဘူတာအနီး လျပ်စစ်ပစ္စည်းဆိုင်ခန်း၌ မီးလောင်မှုဖြစ်ပွား
Published 14 June 2026

ဟင်္သာတဘူတာအနီး လျပ်စစ်ပစ္စည်းဆိုင်ခန်း၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်မှာ ဇွန်လ (၁၄)ရက်နေ့၊ ညနေ(၄)နာရီကျော်အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 “ဟင်္သာတဘူတာအနီးက ထွန်းတောက်ကြယ်လျပ်စစ်ပစ္စည်းအမျိုးမျိုးရောင်းဝယ်ရေးဆိုင်မှာ မီးလောင်မှုဖြစ်တာပါ။ ကျွန်တော်တို့ သတင်းရရချင်းထွက်ခွါခဲ့ပါတယ်။ မီးတောက်မတက်ဘူး၊ မီးခိုးလုံးပဲတွေ့ရတယ်။ ဆိုင်ခန်းတွင်းပဲ ပစ္စည်းလောင်ကျွမ်းမှုရှိပါတယ်။ ဘေးမှာ ကပ်လျက်ဆိုင်ခန်းတွေ ရှိပေမယ့် မီးကူးဆက်မှုမရှိပါဘူး။ AC , DC လျပ်စစ်ပန်ကာဖွင့်ထားရာက အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပါတယ်”ဟု မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဖြေကြားသည်။

“မြို့လယ်လည်းဖြစ်တယ်။ ဆိုင်ခန်းတွေ လည်း တစ်ဆက်တည်းရှိတဲ့နေရာဖြစ်ပါတယ်။ လူထိခိုက်မှုရှိရင်လည်း အသင့်ကူညီပေးနိုင်ဖို့ ကျွန်တော်တို့အဖွဲ့က လူနာတင်ယာဉ်လည်း ထွက်ခွါခဲ့ပါတယ်။ မီးလောင်မှုဖြစ်တဲ့ ဆိုင်ခန်းတွင်းမှာပဲ လျပ်စစ်ပစ္စည်းအချို့ ပျက်စီးမှုရှိပါတယ်။ ဘေးဆိုင်တွေကို မီးကူးစက်မှုမရှိပါဘူး။ လူထိခိုက်ဒဏ်ရာရသူလည်း မရှိပါဘူး”ဟု ဟင်္သာတခရိုင်ကွန်ရက် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ဖြေကြားသည်။

ယင်းမီးလောင်မှုဖြစ်ပွါးသည့်နေရာသို့ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ ရေသယ်ယာဉ် (၁)စီးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ထွက်ခွါကူညီခဲ့ကြကြောင်း သိရသည်။

အောင်ကျော်မျိုး

Most Read

Most Recent