လတ်တလောဖြစ်ပေါ်နေသော ကိစ္စရပ်များကြောင့် Miss Grand Myanmar ပွဲ၏ ကျန်ရှိနေသည့် ပြိုင်ပွဲအချို့ကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်သည်ဟု Miss Grand Myanmar က သတင်းထုတ်ပြန်သည်။
အဆိုပါပြိုင်ပွဲတွင် ဆက်လက်ကျင်းပရန် ကျန်ရှိနေသည့် ပြိုင်ပွဲများမှာ Preliminary Competition နှင့် Grand Final တို့ဖြစ်ပြီး ယင်းပြိုင်ပွဲများကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။
ယင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် တာချီလိတ်အလှမယ်၏ မယ်သီလရှင်ဝတ်စုံဖြင့် ယှဉ်ပြိုင်မှုအပေါ် လူအများက ဝေဖန်မှုများရှိလာပြီး သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။
Miss Grand Myanmar ပြိုင်ပွဲတွင် သီလရှင်ဝတ်စုံ ဝတ်ဆင်ခဲ့သည့် အလှမယ် အပါအဝင် ပြိုင်ပွဲတာဝန်ရှိသူများကို စိစစ်ဖော်ထုတ်အရေးယူရန် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းထားကြောင်း သာသနာရေးဝန်ကြီးဌာနက မီဒီယာများကို ဖြေကြားထားသည်။
သာသနာရေးဝန်ကြီးဌာနက ပြန်လည်ဖြေကြားရာတွင် Miss Grand Myanmar ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်တစ်ဦးဖြစ်သည့် တာချီလိတ်အလှမယ် အိမွန်လွင်က ထေရဝါဒဗုဒ္ဓဘာသာ သာသနာ့အနွယ်ဝင် သီလရှင်ဝတ်စုံကို ဝတ်ဆင်ပြီး Model Show လျှောက်ကာ ယှဉ်ပြိုင်ခဲ့ခြင်းနှင့်ပတ်သက်၍ လူမှုကွန်ရက် အင်တာနက်စာမျက်နှာများပေါ်တွင် Video File ပျံ့နှံ့ခဲ့မှုအပေါ် အလှမယ် အိမွန်လွင် အပါအဝင် ယင်းပြိုင်ပွဲကျင်ပရေးနှင့်ဆက်စပ်သည့် တာဝန်ရှိသူများအား လိုအပ်သလို စိစစ်ဖော်ထုတ်အရေးယူပေးနိုင်ပါရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ ၅-၅-၂ဝ၂၆ ရက်တွင် ညှိနှိုင်းမေတ္တာရပ်ခံထားပြီးဖြစ်ပါကြောင်း ဖော်ပြထားသည်။
ဓာတ်ပုံ- Miss Grand Myanmar facebook















