မော်တော်ယာဥ်စျေးကွက်အတွင်း နှစ် ၂၀ အောက်သက်တမ်းရှိ အင်ဂျင်ပါဝါကြီး မော်တော်ယာဥ်အချို့ကို လိုက်လံဝယ်ယူခြင်းများရှိနေကြောင်း မော်တော်ယာဥ်စျေးကွက်အတွင်းမှ သိရသည်။
ဇူလိုင် ၂၁ ရက်မှစတင်ကာ အင်ဂျင်ပါဝါကြီးသည့် မော်ဒယ်နိမ့်ယာဥ်များကို ဝယ်ယူနေခြင်းဖြစ်သည်ဟု သိရသည်။
" ဒီနေ့က စျေးကွက်မှာ အနိမ့်တွေ လိုက်ဝယ်နေကြတယ်။ ပါဝါကြီးတဲ့ကောင်တွေကို ဝယ်ကြတာ။ တချို့ပိုင်ရှင်တွေကတော့ ဘာဖြစ်မလဲ စောင့်ကြည့်နေကြတယ်" ဟု မော်တော်ယာဥ်ရောင်းဝယ်သူတစ်ဦးက ပြောကြားသည်။
မော်တော်ယာဥ်စျေးကွက်အတွင်း နှစ် ၂၀ သက်တမ်းရှိ မော်တော်ယာဥ်များကို ယာဥ်ပိုင်ရှင်ဆန္ဒအရ အပ်နှံကာ EV ယာဥ်များကို တစ်ဦးချင်းတင်သွင်းခွင့်ပေးမည်ဟု သတင်းများကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။
ဇူလိုင် ၂၁ ရက်(ယနေ့) တွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက မော်တော်ယာဥ်ကိစ္စနှင့် ပတ်သက်ပြီး အွန်လိုင်းအစည်းအဝေးတစ်ခု ပြုလုပ်ခဲ့သည်ဟု မော်တော်ယာဥ်လောကအတွင်းမှ သိရပြီး ယင်းအစည်းအဝေးနှင့်ပတ်သက်၍အသေးစိတ်မသိရှိရသေးပေ။
ထုတ်လုပ်သည့်ခုနှစ်မှ သက်တမ်း ၂၀ နှစ် ကျော်လွန်ယာဉ်များ၊ အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်ရန် ပြင်ဆင်မရနိုင်သည့် ယာဉ်များနှင့် သက်တမ်း ၂၀ နှစ် မကျော်သော်လည်း မိမိဆန္ဒအရ အပ်နှံလိုသည့် ယာဉ်များအစား EV ယာဉ်များဖြင့် အစားထိုးလဲလှယ်နိုင်ရေး ဆောင်ရွက်ပေးမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြီးခဲ့သည့် မေလကုန်ပိုင်းက ထုတ်ပြန်ခဲ့သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မေ ၂၈ ရက်တွင် ယာဉ်အို/ ယာဉ်ဟောင်းများ ပယ်ဖျက်ရေးနှင့် အစားထိုးလျှပ်စစ်သုံးယာဉ်များ တင်သွင်းရေး အသိပေးကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မော်တော်ယာဉ်များ ထုတ်လုပ်ခဲ့သည့်ခုနှစ် ကြာမြင့်ပြီး အိုမင်းဟောင်းနွမ်းသော မော်တော်ယာဉ်များသည် စက်သုံးဆီပိုမိုသုံးစွဲရခြင်းကြောင့် ပြည်သူ့ဘဏ္ဍာငွေများ လေလွင့်မှုဖြစ်ခြင်း၊ ယာဉ်များ၏ ကြံ့ခိုင်မှုအားနည်းခြင်းသည် ယာဉ်မတော်တဆမှုများ ဖြစ်ပေါ်ခြင်း၊ ယာဉ်မှပိုမိုထွက်သော မီးခိုးငွေ့များသည် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေခြင်းတို့ကို ဖြစ်ပေါ်စေသောကြောင့် ထုတ်လုပ်သည့်ခုနှစ်မှ သက်တမ်း ၂၀ နှစ် ကျော်လွန်ယာဉ်များ၊ မော်တော်ယာဉ်ကို အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်ရန် ပြင်ဆင်၍မရနိုင်သည့် ယာဉ်များနှင့် ထုတ်လုပ်သည့်ခုနှစ်မှ သက်တမ်း ၂၀ နှစ် မကျော်သော်လည်း မိမိဆန္ဒအရ အပ်နှံလိုသည့် ယာဉ်များအား အပ်နှံယာဉ်၏ တန်ဖိုးနှင့်အညီ လျှပ်စစ်သုံးယာဉ် (EV) ယာဉ်များအား အစားထိုး လဲလှယ်နိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။
ယာဉ်အို/ယာဉ်ဟောင်းအပ်နှံမှုအတွက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးသည့် ဖျက်သိမ်းယာဉ် ထောက်ခံချက် ပုံစံ (ဃ) တင်ပြပါက အပ်နှံသည့် ယာဉ်အမျိုးအစားအလိုက် သင့်လျော်သော လျှပ်စစ်သုံးယာဉ် (EV) တစ်စီးအား အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီက စိစစ်၍ အစားထိုးတင်သွင်းခွင့်ပြုမည်ဖြစ်ပြီး ကျသင့်မည့် နိုင်ငံခြားငွေများကိုလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သင့်တင့်သောဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ နှစ် ၂၀ သက်တမ်းရှိ မော်တော်ယာဉ်များ၊ လမ်းများပေါ်တွင် အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်ခြင်းမရှိသည့်ယာဉ်များ၊သက်တမ်း နှစ် ၂၀ မကျော်သော်လည်း မိမိမော်တော်ယာဉ်ကို အပ်နှံကာ EV ယာဉ်အတွက် တစ်ဦးချင်းတင်သွင်းလိုသည့် ယာဉ်ပိုင်ရှင်များအတွက် ဆောင်ရွက်ပေးမည့်အခြေအနေဖြစ်ပြီး ယခင်က သတ်မှတ်ထားသည့် ယာဉ်အိုယာဉ်ဟောင်းမူဝါဒမှာ မူလအတိုင်းသာရှိနေသည်ဟု မော်တော်ယာဉ်ရောင်းဝယ်ရေးလုပ်ကိုင်သူအချို့ထံမှ သိရသည်။















