တရုတ်နှင့် ရုရှား ရေတပ်တပ်ဖွဲ့များသည် ဂျပန်၏ သီးသန့်စီးပွားရေးဇုန် (EEZ) အတွင်း စက်သေနတ်များကို အသုံးပြု၍ ကျည်ဆန်အစစ်ဖြင့် ပူးတွဲစစ်ရေးလေ့ကျင့်ခန်းတစ်ခု ပြုလုပ်ခဲ့ပြီး ယင်းသည် ၎င်းတို့၏ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းလာသည့် လက္ခဏာတစ်ရပ်ဖြစ်ကြောင်း ဂျပန်က ဇူလိုင် ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ဇူလိုင် ၁၉ ရက်က အဆိုပါဖြစ်စဉ်သည် ဂျပန်၏ EEZ အတွင်း တရုတ်နိုင်ငံ၏ ကျည်ဆန်အစစ်ဖြင့် ပစ်ခတ်လေ့ကျင့်မှုကို ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပထမဆုံးအကြိမ် ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ဂျပန်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
ဂျပန်အစိုးရအနေဖြင့် ယခုလေ့ကျင့်မှုအား ၎င်းတို့ တပ်မတော်နှစ်ခု၏ ပူးပေါင်း ဆောင်ရွက်မှုကို အားကောင်းစေရန် လုပ်ဆောင်သည့် လှုပ်ရှားမှု၏ အစိတ်အပိုင်းတစ်ခုအဖြစ် ရှုမြင်ကြောင်း ဂျပန်အစိုးရ၏ ထိပ်တန်းပြောရေးဆိုခွင့်ရှိသူ မိနိုရုကီဟာရက ဇူလိုင် ၂၁ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဂျပန်ဝန်ကြီးချုပ် ဆာနာအဲတာကာအီချိက နိုဝင်ဘာလတွင် တရုတ်(တိုင်ပေ)နှင့် ပတ်သက်၍ ပြောကြားခဲ့သည့် မှတ်ချက်များကြောင့် တရုတ်ပြည်မကြီးအစိုးရကို ဒေါသထွက်စေခဲ့ပြီးနောက်ပိုင်း ဂျပန်နှင့် တရုတ်နိုင်ငံတို့အကြား ဆက်ဆံရေး ပိုမိုဆိုးရွားလာခဲ့သည်။
ဇူလိုင် ၁၉ ရက်တွင် တရုတ်ရေတပ်၏ Luyang III အဆင့်ရှိ ဒုံးကျည်တင် ဖျက်သင်္ဘောသည် ဂျပန်၏ တောင်ဘက်ဆုံး နယ်မြေဖြစ်သော အိုကီနိုတိုရီကျွန်း၏ အနောက်တောင်ဘက် ကီလိုမီတာ ၁၈၀ (၁၁၀ မိုင်)အကွာ၌ ရုရှား ရေတပ်သင်္ဘောတစ်စီးနှင့် အတူ အဆိုပါ လေ့ကျင့်မှုကို ပြုလုပ်ခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း တာဝန်ရှိသူများက ပြော ကြားခဲ့သည်။
တရုတ်သင်္ဘော သုံးစီးနှင့် ရုရှားရေတပ် ဖရီးဂိတ်စစ်သင်္ဘော တစ်စီးတို့ ပါဝင်သည့် ရေယာဉ်စုကို အဆိုပါကျွန်း၏ အနောက်တောင်ဘက် ကီလိုမီတာ ၃၃၀ အကွာ၌ အရှေ့မြောက်ဘက်သို့ ဦးတည်ခုတ်မောင်းနေသည်ကို ဇူလိုင် ၂၀ ရက် ဒေသစံတော်ချိန် နံနက် ၂ နာရီခန့်တွင် ပထမဆုံး စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ယခုလေ့ကျင့်မှုသည် အနီးနားရှိ သင်္ဘောများ၏ ရေကြောင်းသွားလာရေးကို အန္တရာယ်ဖြစ်စေနိုင်သည်ဟု ဂျပန်က သံတမန်လမ်းကြောင်းများမှတစ်ဆင့် တရုတ်သို့ ပြောကြားခဲ့ကြောင်း ကီဟာရ၏ ပြောကြားချက်အရ သိရသည်။
တရုတ်နှင့် ရုရှား လေတပ်များသည် လွန်ခဲ့သောလက ဂျပန်နိုင်ငံ ပတ်ဝန်းကျင် ရေပြင်များပေါ်တွင် ဗုံးကြဲလေယာဉ်များကို ပူးတွဲပျံသန်းခဲ့ကြသလို ၎င်းတို့၏ ရေတပ်များသည်လည်း ယခုလအတွင်း ပူးတွဲလေ့ကျင့်မှုတစ်ခုကို ပြုလုပ်ခဲ့ကြသည်။
နောက်ဆုံးပြုလုပ်ခဲ့သည့် ယခုကျည်ဆန်အစစ်ဖြင့် ပစ်ခတ်လေ့ကျင့်မှုကြောင့် အခြေအနေကို စောင့်ကြည့်စစ်ဆေးရန် ဂျပန်အနေဖြင့် လေကြောင်းနှင့် ရေကြောင်းမှလှုပ် ရှားဆောင်ရွက်ခဲ့ရကြောင်း ကီဟာရက ပြောကြာခဲ့သည်။
“ကျွန်တော်တို့နိုင်ငံ ပတ်ဝန်းကျင်ရေပြင်တွေမှာ တရုတ်နဲ့ ရုရှားရေယာဉ်တွေရဲ့လှုပ်ရှားမှုတွေကို စိုးရိမ်ပူပန်စွာနဲ့ ဆက်လက်စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်” ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
အငြင်းပွားဖွယ်ရာ ကျွန်းများအနီးတွင် ယခုလအတွင်း ဂျပန်နှင့် တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့များမှ သင်္ဘောများ ထိပ်တိုက်တွေ့ခဲ့ကြပြီး နှစ်ဘက်စလုံးကမူ ၎င်းတို့အနေဖြင့် ပိုင်နက်ရေပြင်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော ရေယာဉ်များကို မောင်းထုတ်ခဲ့သည်ဟု စွပ်စွဲပြောဆိုခဲ့ကြသည်။
အဆိုပါဖြစ်စဉ်သည် ဂျပန်က ဆန်းခါခုဟု အမည်ပေးထားပြီး တရုတ်က ဒရောင်ယုဟု ပိုင်ဆိုင်ကြောင်း ကြေညာထားသည့် လူနေထိုင်ခြင်းမရှိသော ကျွန်းများအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။















