ကိုယ်တိုင်မီတာဖတ်ရှု၍ မီတာခပေးဆောင်နိုင်မည့် ခေတ်မီ Smart Meter များ ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံတော်တွင် လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေး၊ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးနှင့် ဓာတ်အားစနစ်တည်ငြိမ်၍ စဉ်ဆက်မပြတ် ပေးနိုင်ရေးတို့အား ဘက်စုံမှ တွန်းအားပေးဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ဇူလိုင် ၂၀ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အင်းတကော်စက်မှုနယ်မြေရှိ ခေတ်မီ Smart Meter များ ထုတ်လုပ်နေသည့်စက်ရုံ၌ ဒီဂျစ်တယ်မီတာများ ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက သုတေသနနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများ ပြုလုပ်၍ Hardware နှင့် Software များကို အဆင့်မြှင့်တင်သွားနိုင်ရေး၊ သဘာဝဓာတ်ငွေ့မီတာနှင့် ရေမီတာများကိုပါ Digital မီတာဖြင့်ထုတ်လုပ်နိုင်ရေး၊ Electronic နှင့် IT ပညာရှင်များစဉ်ဆက်မပြတ် မွေးထုတ်နိုင်ရေးအတွက် လေ့ကျင့်ပညာပေးရေးနှင့် နိုင်ငံတော်အတွက် လိုအပ်လျက်ရှိသည့် ဒီဂျစ်တယ်မီတာများအား အချိန်မီထုတ်လုပ် ဖြည့်ဆည်းပေးနိုင်ရေး ပြောကြားခဲ့သည်။
ယင်းနောက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်)၌ ဌာနမှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်အဆင့် လျှပ်စစ်မန်နေဂျာများ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ် ဘဏ္ဍာရေးတာဝန်ခံများနှင့် တွေ့ဆုံပြီး ဓာတ်အားလေလွင့် ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် နည်းပညာအသုံးပြု၍ စစ်ဆေးကြပ်မတ် သွားမည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အား သုံးစွဲသူတို့၏ လိုအပ်ချက်များကို ကောင်းမွန်သော ဝန်ဆောင်မှုများပေး၍ ဖြည့်ဆည်းပေးရန်၊ Call Center များအနေဖြင့် ပြည်သူတို့၏ မေးမြန်းလာမှု သတင်းပေးလာမှုတို့အပေါ် စိတ်ရှည်နားလည်မှုရှိစွာ ကူညီဆောင်ရွက်ပေးရန် ပြောကြားခဲ့သည်။
ထို့နောက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဌက ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးမှုကို ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ဆောင်ရွက်သွားမည့် အစီအမံများတင်ပြရာ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။















