ထိုင်းနိုင်ငံတွင် တရားမဝင် နိုင်ငံခြားသား နာမည်ခံစီးပွားရေးလုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နှိမ်နင်းသည့် လုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရဲတပ်ဖွဲ့နှင့် အစိုးရအရာရှိများသည် ဘတ် ၆၃၃ သန်းခန့် တန်ဖိုးရှိမည်ဟု ခန့်မှန်းရသော မြေကွက် ပိုင်ဆိုင်မှုများနှင့် ဆက်စပ်နေသည့် ကုမ္ပဏီ ၃၁ ခုကို ပစ်မှတ်ထားပြီး ချင်းမိုင်၏ နေရာ ၁၈ ခုကို ဇူလိုင် ၂၀ ရက်တွင် ဝင်ရောက်စီးနင်းခဲ့ကြောင်း Thai Enqirer သတင်းတွင် ဖော်ပြခဲ့သည်။
အဆိုပါ ခရိုင်အတွင်းရှိ မှတ်ပုံတင်ထားသော ကုမ္ပဏီ ၃၃၀၀၀ ကျော်ကို စစ်ဆေးပြီးနောက် နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းများဆိုင်ရာ ဥပဒေကို ချိုးဖောက်သည်ဟု သံသယရှိရသော ကုမ္ပဏီ ၃၁ ခုကို စိစစ်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
အဆိုပါကုမ္ပဏီများအနက် ၁၆ ခုမှာ ထိုင်းနိုင်ငံသားများကို နာမည်ခံအစုရှယ်ယာရှင်များအဖြစ် အသုံးပြုထားသည်ဟု သံသယရှိရပြီး ကျန် ၁၅ ခုမှာ ၈ ဧကနီးပါး ကျယ်ဝန်းသည့် မြေကွက် ၂၉ ကွက်ကို ပိုင်ဆိုင်ထားကာ ဥပဒေအရ သတ်မှတ်ထားသော ပိုင်ဆိုင်ခွင့် အကန့်အသတ်ကို ကျော်လွန်ထားသည်ဟု စွပ်စွဲခံထားရသည့် နိုင်ငံခြားသားများ ထိန်းချုပ်ထားသော ကုမ္ပဏီများ ဖြစ်ကြသည်။
ထို့ပြင် ထိုင်းရဲတပ်ဖွဲ့သည် တရုတ်၊ မြန်မာ၊ အိန္ဒိယ၊ ဗြိတိန်နှင့် ထိုင်းနိုင်ငံသားများအပါအဝင် သံသယရှိသူ ၂၂ ဦးအတွက် ဖမ်းဝရမ်းများဖြင့် စီးနင်းမှုအတွင်း သံသယရှိသူ ၅ ဦး (အိန္ဒိယနိုင်ငံသား ၂ ဦးနှင့် မြန်မာနိုင်ငံသား ၃ ဦး) ကို ဖမ်းဆီးရမိခဲ့သည်။
အစုရှယ်ယာရှင်အဖြစ် စာရင်းပါဝင်နေသည့် ထိုင်းနိုင်ငံသား အများအပြားက ကုမ္ပဏီမှတ်ပုံတင်ရန် မိမိတို့၏ အမည်များကို အသုံးပြုထားသည်ကို မသိရှိခဲ့ကြကြောင်း ရဲတပ်ဖွဲ့သို့ ပြောကြားခဲ့ကြပြီး အချို့ကမူ ငွေကြေးအနည်းငယ် ရယူကာ မိမိတို့၏ အထောက်အထား စာရွက်စာတမ်း မိတ္တူများကို ပေးအပ်ခဲ့ခြင်း သို့မဟုတ် စာရွက်စာတမ်းများတွင် လက်မှတ်ရေးထိုးပေးခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့ကြသည်ဟု စုံစမ်းစစ်ဆေးသူများက ပြောကြားခဲ့သည်။
အဆိုပါ နာမည်ခံကွန်ရက်၏ နောက်ကွယ်မှ စီစဉ်ညွှန်ကြားသူများနှင့် အကျိုးအမြတ်ရရှိသူများကို ဖော်ထုတ်ရန် စုံစမ်းစစ်ဆေးမှုများကို တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားခဲ့သည်။
Photo-Bangkok Post















