ခွင့်ပြုချက်မရှိဘဲ လမ်းကြောင်းမှားယွင်း အသုံးပြုခဲ့သည်ဟုဆိုကာ ကုန်သင်္ဘောတစ်စင်းအား သတိပေး ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီးနောက် ဟော်မုဇ်ရေလက်ကြားကို နောက်ထပ် ကြေညာချက်မထုတ်မချင်းပိတ် ထားမည်ဖြစ်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်က ဇူလိုင် ၁၂ ရက်တွင် ပြောကြားခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာများက ဖော်ပြသည်။
ယခုလုပ်ရပ်သည် လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက နှစ်ဖက်စလုံးအပြန်အလှန် တိုက်ခိုက်မှုများနှင့် ခြိမ်းခြောက်မှု များ ဖြစ်ပွားခဲ့ပြီးနောက်၊ အမေရိကန်-အီရန် ဆွေးနွေးညှိနှိုင်းမှုများကို ပြန်လည်ကုစားရန် ကြိုးပမ်းမှုများကို ပိုမိုရှုပ် ထွေးသွားစေနိုင်သည့် အန္တရာယ်ရှိနေသည်။
ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းမောင်းနှင်နေသည့် ကုန်သည်သင်္ဘောများကို ပစ်ခတ်မှုများ ရပ်တန့်ရန်နှင့် အဆိုပါရေကြောင်း လမ်းဖွင့်ထားကြောင်း တရားဝင်အသိအမှတ်ပြုရန် အမေရိကန်က အီရန်ကို ဇူလိုင် ၁၈ ရက် အထိအချိန်ပေးထားခဲ့ကြောင်း အိတ်ဆီယော့စ် နှင့် ပေါ်လစ်တီကို သတင်းဌာနတို့က ဖော်ပြခဲ့သည်။
အပြီးသတ်သဘောတူညီချက်ရရှိရန်အတွက် အဓိက အတားအဆီးမှာ ဟော်မုဇ်ရေလက်ကြား၏ အနာဂတ် အရေးဖြစ်ပြီး၊ အီရန်ဘက်က အဆိုပါ ရေလမ်းကြောင်းကို မိမိတို့ကသာ ထိန်းချုပ်သွားမည် ခိုင်ခိုင်မာမာ တောင်းဆိုထားသည်။
Ref:AFP















