အမေရိကန်စစ်တပ်သည် အီရန်နိုင်ငံ၏ စစ်ရေးပစ်မှတ် ၁၄၀ ခန့်ကို အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ကြောင်း အမေရိန် ဗဟိုစစ်ဌာနချုပ် (CENTCOM) က ဇူလိုင် ၁၁ ရက် ညပိုင်းတွင် X လူမှုမီဒီယာ၌ ထုတ်ပြန်ခဲ့သည်။
ဇူလိုင် ၁၁ ရက်က ပြုလုပ်ခဲ့သော စစ်ဆင်ရေးအတွင်း အီရန်စစ်ဘက်ဆိုင်ရာ ပစ်မှတ်ပေါင်း ၁၄၀ ခန့်ကို ထိမှန်အောင် တိုက်ခိုက်နိုင်ခဲ့ကြောင်းနှင့် အဆိုပါပစ်မှတ်များထဲတွင် အီရန်၏ ဒုံးကျည်နှင့် ဒရုန်းစခန်းများ၊ ရေတပ်အဆောက်အအုံများ၊ လက်နက်ခဲယမ်းသိုလှောင်ရုံများ၊ ဆက်သွယ်ရေးကွန်ရက်များနှင့် ကမ်းရိုးတန်းစောင့်ကြည့်ရေးစခန်းများ ပါဝင်ကြောင်း CENTCOM က ပြောကြားခဲ့သည်။
ယခုသီတင်းပတ်အတွင်း အီရန်အား သုံးညတိုင်တိုင် တိုက်ခိုက်ခဲ့မှုများအတွင်း အမေရိကန်စစ်တပ်သည် ပစ်မှတ်ပေါင်း ၃၀၀ ကျော်ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဇူလိုင် ၁၁ ရက်က ပြုလုပ်ခဲ့သော တိုက်ခိုက်မှုများသည် ဟော်မုဇ်ရေလက်ကြားအတွင်း ကုန်သွယ်ရေးသင်္ဘောတစ်စင်း တိုက်ခိုက်ခံရမှုကို တုံ့ပြန်ခြင်းဖြစ်ကြောင်း CENTCOM က ပြောကြားခဲ့သည်။
"အရေးပါတဲ့ နိုင်ငံတကာ ရေကြောင်းသယ်ယူပို့ဆောင်ရေး လမ်းကြောင်းကနေတစ်ဆင့် ကုန်သွယ်ရေးသင်္ဘောတွေ ဖြတ်သန်းသွားလာမှုဟာ ဆက်ရှိနေဆဲဖြစ်ပါတယ်" ဟု CENTCOM ကဆိုသည်။
ဟော်မုဇ်ရေလက်ကြားတွင် အတည်မပြုထားသော လမ်းကြောင်းအတိုင်း မောင်းနှင်လာသည့် သင်္ဘောတစ်စင်းကို သတိပေးပစ်ခတ်မှု ပြုလုပ်ခဲ့ပြီးနောက် အဆိုပါရေလက်ကြားကို ပိတ်ပစ်လိုက်ကြောင်း အီရန်နိုင်ငံက ပြောကြားခဲ့ပြီး နာရီပိုင်းအကြာတွင် CENTCOM ၏ ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ထို့ပြင် ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး မည်သည့်တုံ့ပြန်ကလဲ့စားချေမှုမဆို ပြင်းထန်သော တုံ့ပြန်မှုနှင့် ရင်ဆိုင်ရလိမ့်မည်ဟုလည်း အီရန်က သတိပေးခဲ့သည်။
Ref:AFP














