သြစတြေးလျတရားရုံးက အီလွန်မာ့စ်၏ X လူမှုမီဒီယာကုမ္ပဏီအပေါ် ဒဏ်ငွေ ဒေါ်လာ ၄၆၅၀၀၀ ချမှတ်ထားသည့်ပြစ်ဒဏ်ကို အတည်ပြု

သြစတြေးလျတရားရုံးက အီလွန်မာ့စ်၏ X လူမှုမီဒီယာကုမ္ပဏီအပေါ် ဒဏ်ငွေ ဒေါ်လာ ၄၆၅၀၀၀ ချမှတ်ထားသည့်ပြစ်ဒဏ်ကို အတည်ပြု
Published 21 May 2026

သြစတြေးလျ ဖက်ဒရယ်တရားရုံးက အီလွန်မာ့စ်၏ X လူမှုမီဒီယာကုမ္ပဏီအား ကလေးသူငယ် အင်တာနက်ဘေးကင်းလုံခြုံရေးစဉ်းမျဉ်းများကို လိုက်နာရန် ပျက်ကွက်မှုအတွက် ဒဏ်ငွေ ဒေါ်လာ ၄၆၅၀၀၀ ပေးဆောင်ရန် ချမှတ်ထားသည့် ပြစ်ဒဏ်ကို မေ ၂၁ ရက်တွင် အတည်ပြုခဲ့သည်။

ယင်းသည် X ကုမ္ပဏီနှင့် သြစတြေးလျ အစိုးရတို့အကြား သုံးနှစ်ကြာ ဖြစ်ပွားခဲ့သည့် ဥပဒေကြောင်းအရ တိုက်ပွဲကို အဆုံးသတ်စေခဲ့သည်။

သြစတြေးလျဥပဒေအရ အင်တာနက် ထိန်းသိမ်းကြပ်မတ်ရေးအဖွဲ့ဖြစ်သည့် eSafty သည် ကလေးငယ်များကို အွန်လိုင်းပေါ်တွင် မည်သို့ ဘေးကင်းလုံခြုံအောင် ကာကွယ်ပေးထားသနည်းဆိုသည့် အသေးစိတ် အချက်အလက်များ တောင်းခံမှုကို ပြန်လည်ဖြေကြားရန် ပျက်ကွက်သော ကုမ္ပဏီများကို ဒဏ်ငွေချမှတ်ပိုင်ခွင့် ရှိသည်။

eSafty အဖွဲ့သည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ယခင်က Twitter ဟု ခေါ်ဆိုခဲ့သည့် X ကုမ္ပဏီအား ကလေးသူငယ် များအပေါ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုလုပ်သည့် အကြောင်းအရာများ ပြန့်ပွားနေမှုကို မည်သို့ ကိုင်တွယ်ဖြေရှင်းနေသည်ဆိုခြင်းကို ရှင်းလင်းတင်ပြရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

မတ်လ အီလွန်မာ့စ်က Twitter ၏ အမည်ကို X Corp ဟု ပြောင်းလဲဖွဲ့စည်းခဲ့ပြီးနောက် eSafty အဖွဲ့၏ ထပ်တလဲလဲတောင်းဆိုမှုများအပေါ် မပြည့်စုံသောတုံ့ပြန်မှုများ ပေးအပ်ခဲ့ခြင်းကြောင့် နောက်ဆုံးတွင် X Corp သည် ဒဏ်ငွေချမှတ်ခံခဲ့ရသည်။

ဖက်ဒရယ်တရားရုံးက ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် X အနေဖြင့် အဆိုပါအကြောင်းကြားစာကို မဖြစ်မနေ ပြန်လည်ဖြေကြားရန် လိုအပ်ကြောင်း ဆုံးဖြတ်ခဲ့ပြီး၊ မေ ၂၁ ရက်တွင်မူ အဆိုပါ ကုမ္ပဏီအား  သြ စတြေးလျဒေါ်လာ ၆၅၀၀၀၀ (အမေရိကန် ဒေါ်လာ ၄၆၄၉၀၀) ဒဏ်ငွေပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။

“အခုအမှုမှာ ဒဏ်ငွေကို အမြင့်ဆုံးပမာဏနီးပါး သတ်မှတ်တာကပဲ တိုင်ကြားခံရသူဖြစ်တဲ့ အဖွဲ့အစည်းကြီးအတွက် သင့်လျော်ပါတယ်။ ဒါမှသာ ဒါဟာစီးပွားရေး လုပ်ငန်းလုပ်ကိုင်တဲ့ ကုန်ကျစရိတ်တစ်ခုသက်သက် မဟုတ်ဘဲ၊ အမှန်တကယ် ဟန့်တားမှုတစ်ခု အနေနဲ့ သက်ရောက်မှုရှိမှာ ဖြစ်ပါတယ်” ဟု ဖက်ဒရယ်တရားသူကြီး မိုက်ကယ်ဝှီးလာဟန် က ပြောကြားခဲ့သည်။

သြစတြေးလျအစိုးရသည် ပြီးခဲ့သည့်နှစ်က အသက် ၁၆ နှစ်အောက် ကလေးငယ်များအနေဖြင့် Instagram နှင့် Tik Tok ကဲ့သို့ လူမှုကွန်ရက်ပလက်ဖောင်းများကို အသုံးပြုခွင့် ပိတ်ပင်သည့် ကမ္ဘာ့ပထမဆုံးသော ဥပ ဒေများကို ပြဋ္ဌာန်းခဲ့ခြင်း အပါအဝင်၊ နည်းပညာကုမ္ပဏီကြီးများကို ထိန်းချုပ်ရန် ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုများတွင် ရှေ့တန်းမှ ပါဝင်နေခဲ့သည်။

ထိုကဲ့သို့ ပိတ်ပင်ကန့်သတ်မှုများကို အစ္စရေး၊ ဗြိတိန်၊ နော်ဝေနှင့် နယူးဇီလန် နိုင်ငံတို့ကလည်း စိတ်ဝင်စားမှုရှိကြောင်း ပြသခဲ့ကြပြီးနောက် သြစတြေးလျမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြသဖြင့် ယခုအခါ နိုင်ငံအတော်များများကလည်း အလားတူ လူမှုကွန်ရက် နှိမ်နင်းကန့်သတ်မှုများကို စဉ်းစား လုပ်ဆောင်နေကြပြီဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။

Ref:AFP        

                                             

Most Read

Most Recent