စာရေးဆရာမကြီး ဒေါက်တာမတင်ဝင်း အသက် ၈၆ နှစ်တွင် ကွယ်လွန်ခဲ့ကြောင်း စာပေအသိုင်းအဝိုင်းမှ သိရသည်။
ဇူလိုင် ၁၀ ရက် နံနက်ပိုင်းက ရန်ကုန်မြို့တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒေါက်တာမတင်ဝင်းကို ၁၉၄၀ ခုနှစ်တွင် မင်းဘူးခရိုင်၊ ဆင်ဖြူကျွန်းမြို့တွင် ဖခင် ဦးဘဌေး၊ မိခင် ဒေါ်ရင်ရင်တို့မှမွေးဖွားခဲ့ပြီး အမည်ရင်းမှာ မတင်ဝင်းပင်ဖြစ်သည်။
၁၉၅၆ ခုနှစ်တွင် မကွေးတိုင်း၊ ရေနံချောင်းမြို့ အထက(၁) မှ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ပြီး ၁၉၅၈ ခုနှစ်တွင် မကွေးဥပစာကောလိပ် မှ ဥပစာတန်း အောင်မြင်ခဲ့သည်။
၁၉၆၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရရှိခဲ့ပြီး ဆိုဗီယက်ပြည်ထောင်စုသို့ ပညာသင်သွားရောက်ခဲ့ကာ ၁၉၆၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၊
ပညာရေးမဟာဌာနမှ ပညာရေးမဟာဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။ ၁၉၇၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်၊ ပညာရေးမဟာဌာနမှ စာပြနည်းပညာဖြင့် ပါရဂူဘွဲ့ရရှိခဲ့သည်။
၂၀၀၁ ခုနှစ်တွင် ကုန်းဘောင်ကိုဆန်၍ စာအုပ်ဖြင့် အမျိုးသားစာပေဆု(နိုင်ငံရေး) ရရှိခဲ့ကာ ၂၀၀၃ ခုနှစ်တွင် အာရှနိုင်ငံများကိုဖဲ့ယူသိမ်းယူခဲ့ကြသောနယ်ချဲ့များစာအုပ်ဖြင့်
အမျိုးသားစာပေဆု (နိုင်ငံရေးစာပေ) ကိုလည်းကောင်း၊ ၂၀၀၄ ခုနှစ်တွင် မင်းယောက်ျားတို့၏စကားရာဇဝင် စာအုပ်ဖြင့် အမျိုးသားစာပေဆု (စာပဒေသာ) ကိုလည်းကောင်း၊ ၂၀၂၁ ခုနှစ်တွင် အမျိုးသားစာပေတစ်သက်တာ စာပေဆုကိုလည်းကောင်း ရရှိခဲ့သည်။















