ဗိုလ်ချုပ်အောင်ဆန်း ရုပ်ထုအားလုံးကို ဖယ်ရှားနေခြင်းမဟုတ်ဘဲ အချိုးအစားနှင့် ပုံသဏ္ဍာန် မမှန်ကန်သည့် ရုပ်ထုများကိုသာဥပဒေနှင့်အညီ ပြန်လည်စိစစ်ဆောင်ရွက်နေခြင်းဟု နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက ပြောကြားသည်။
လူမှုကွန်ရက်မီဒီယာအချို့တွင် မြို့နယ်အချို့ရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုများကို ဖယ်ရှားနေသည်ဟုဆိုသည့် သတင်းများ ဖော်ပြနေသည့်အချိန်တွင် နိုင်ငံတော်သမ္မတပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက သူ၏ တယ်လီဂရမ်မှတစ်ဆင့် ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။
" လက်ရှိတွင် အချိုဒေသများရှိ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ထုများကို ဖယ်ရှားနေသည်ဟု မီဒီယာအချိုတွင် ဖော်ပြနေသည်ကို တွေ့ရှိရပါတယ်။ အမှန်မှာ ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ထုအားလုံးကိုဖယ်ရှားနေခြင်းမဟုတ်ဘဲ အချိုးအစားနှင့် ပုံသဏ္ဍာန် မမှန်ကန်သည့် ရုပ်ထုများကိုသာ ဥပဒေနှင့်အညီ ပြန်လည်စိစစ်ဆောင်ရွက်နေခြင်းဖြစ်ပါတယ်" ဟု နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက ပြောကြားသည်။
ဗိုလ်ချုပ်အောင်ဆန်းမှာ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် အလွန်အရေးပါသည့် သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကာ နောင်လာနောက်သားများ သမိုင်းတန်ဖိုးနှင့် အစဉ်အလာကို
မှန်မှန်ကန်ကန် လေ့လာထိန်းသိမ်းနိုင်ရေး ရည်ရွယ်ချက်ဖြင့် အထိမ်းအမှတ်မော်ကွန်းဥပဒေအရ စိစစ်ဆောင်ရွက်နေခြင်းဟု ၎င်းကဆက်လက်ပြောကြားသည်။
" ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ အလွန်အရေးပါတဲ့ သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဗိုလ်ချုပ်ရဲ့
အထိမ်းအမှတ်ရုပ်ထုတွေကို ဂုဏ်သိက္ခာနဲ့ လျော်ညီစွာ ထားရှိနိုင်ရေး၊ နောင်လာနောက်သားတွေကလည်း သမိုင်းတန်ဖိုးနဲ့ အစဉ်အလာကို မှန်မှန်ကန်ကန် လေ့လာထိန်းသိမ်းနိုင်ရေးဆိုတဲ့
ရည်ရွယ်ချက်နဲ့ ၁၉၆၂ ခုနှစ် သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ်မော်ကွန်းဥပဒေအရ စိစစ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်" ဟု ဒေါ်ခိုင်ခိုင်စိုးက ပြောကြားသည်။
၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်မှ ယနေ့(ဇူလိုင် ၁၀ ရက်) အထိ မြိုနယ်ပေါင်း ၁၀၀ ကျော်တွင်ရှိသည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုများကို စိစစ်ခဲ့ရာ အချို ရုပ်ထုများ၏ အချိုးအစား၊ ပုံသဏ္ဍာန်နှင့်
အနုပညာဖော်ပြမှုမှာ သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦး၏ ဂုဏ်သိက္ခာနှင့် မလျော်ညီသည့် အနေအထားများကို တွေ့ရှိခဲ့သည်ဟု နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက ပြောကြားသည်။
" ဒါကြောင့်မို ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းဝင်ဂုဏ်သိက္ခာကို ထိန်းသိမ်းမြှင့်တင်ဖို့၊ အထိမ်းအမှတ်ရုပ်ထုတွေကို အရိုအသေမဲ့သလို မဖြစ်စေဖို့နဲ့ နောင်လာနောက်သားတွေအနေနဲ့ မြန်မာ့သမိုင်းအမွေအနှစ်တွေကို မှန်ကန်သင့်လျော်တဲ့ ပုံစံနဲ့ ဆက်လက်လေ့လာနိုင်ဖို ရည်ရွယ်ချက်နဲ့ စနစ်တကျ ထိန်းသိမ်းဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်" ဟု နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက ပြောကြားသည်။















