မီးသတ်တပ်ဖွဲ့ဝင်များ၏ ရှာဖွေကယ်ဆယ်ရေးစွမ်းရည်သရုပ်ပြသပွဲ အခမ်းအနား ဟင်္သာတမြို့၌ ကျင်းပပြုလုပ်ခဲ့သည်။
မေလ(၁၈)ရက်နေ့က ဟင်္သာတခရိုင်မီးသတ်ဦးစီးဌာနရုံးရှေ့ ရင်ပြင်၌ အဆိုပါသရုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့သည်။
ယင်းသရုပ်ပြပွဲ၌ မီးသတ်တပ်ဖွဲ့ဝင်များက ကြိုးချည်နည်းများအပြင် တပ်ဖွဲ့ဝင်တစ်ဦးချင်း၏ ကျန်းမာသန်စွမ်းမှု၊ ကျွမ်းကျင်ပိုင်နိုင်မှု၊ လျင်မြန်သွက်လက်မှု၊ စိတ်ပိုင်းဆိုင်ရာခံနိုင်ရည်ရှိမှု Brave Heart စွမ်းရည်သရုပ်ပြခြင်းကိုလည်း ဆောင်ရွက်ခဲ့သည်။ ဘေးအန္တရာယ်လုံခြုံမှုရရှိရေးအတွက် အသက်ကယ် လုပ်ငန်းသုံးပစ္စည်းများ စနစ်တကျယူဆောင်ပြီး မှန်ကန်စွာအသုံးပြု၍ လုပ်ငန်းဆောင်ရွက်ရမည့် ပရဝဏ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ခြင်း၊ အထပ်မြင့်လေ့ကျင့်ရေးမျှော်စင်မှ ရိုးရိုးကြိုးဆင်းနည်း၊ ခုန်ဆင်းနည်းတို့ကိုလည်း လက်တွေ့ကျွမ်းကျင်စွာသရုပ်ပြခဲ့ကြသည်။
မီးသတ်တပ်ဖွဲ့အနေဖြင့် ရည်ရွယ်ချက်၊ ရည်မှန်းချက်များကို လုပ်ငန်းစဉ်ကြီး(၇)ရပ်ဖြင့် ကြိုးပန်းဆောင်ရွက်လျက်ရှိရာ ပြည်သူများ မီးဘေးအန္တရာယ်အပါအဝင် သဘာဝဘေးအန္တရာယ်များကြောင့် ဆုံးရှုံးရမှု၊ လူသေဆုံးမှု အနည်းဆုံးဖြစ်အောင် ကြိုးပမ်းအားထုတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသည် ဘေးအန္တရာယ်မြင့်မားပြီး တပ်ဖွဲ့ဝင်များ၏စိတ်ဓါတ်၊ ကျန်းမာကြံ့ခိုင်မှု၊ လေ့ကျင့်သားပြည့်ဝမှု၊ နည်းပညာကျွမ်းကျင်မှု၊ အထောက်အကူပြုပစ္စည်းများကို မှန်ကန်စွာရွေးချယ်နိုင်ပြီး စွမ်းအားပြည့်အသုံးချနိုင်မှုတို့ဖြင့် ပြည်သူများဘေးအန္တရာယ်များနှင့် မတော်တဆရင်ဆိုင်ကြုံတွေ့ရချိန်များတွင် တုံ့ပြန်ဆောင်ရွက်နိုင်ရေး လေ့ကျင့်ပြင်ဆင်လျက်ရှိပါကြောင်း ယင်းအခမ်းအနား၌ မီးသတ်တပ်ဖွဲ့က တင်ပြခဲ့ပြီး ကယ်ဆယ်ရေးပစ္စည်းများကိုလည်း စနစ်တကျခင်းကျင်းပြသခဲ့သည်။















