မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတား (ဒလ) ဖြတ်သန်းသွားလာခွင့်အား မူလသတ်မှတ်ထားသည့် ည ၁၀ နာရီအစား ည ၁၂ နာရီအထိ အချိန်ထပ်တိုးသုံးစွဲခွင့်ပြု

မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတား (ဒလ) ဖြတ်သန်းသွားလာခွင့်အား မူလသတ်မှတ်ထားသည့် ည ၁၀ နာရီအစား ည ၁၂ နာရီအထိ အချိန်ထပ်တိုးသုံးစွဲခွင့်ပြု
Published 22 June 2026

မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတား (ဒလ) ဖြတ်သန်းသွားလာခွင့်အား မူလသတ်မှတ်ထားသည့် ည ၁၀ နာရီအစား ည ၁၂ နာရီအထိ အချိန်ထပ်တိုးသုံးစွဲခွင့်ပြုကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က ပြောကြားသည်။

ယနေ့ (ဇွန် ၂၂ ရက်) ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဌမနေ့တွင် ဒလမြို့နယ် ကိုယ်စားလှယ်အမှတ် (၁) ဒေါ်ဆွေဆွေဝင်းက ရန်ကုန်-ဒလ ကိုရီးယားချစ်ကြည်ရေးတံတားအား ည ၁၂ နာရီအချိန်အထိ ထပ်တိုးသုံးစွဲခွင့်ပြုပါရန် အစီအစဉ်ရှိ မရှိ မေးခွန်းနှင့်ပတ်သက်၍ ပြန်လည်ဖြေကြားရာတွင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

မြန်မာ-ကိုရီယား ချစ်ကြည်ရေးတံတား (ဒလ) ဖြတ်သန်းသွားလာခွင့်အား လက်ရှိခွင့်ပြုထားသည့် နံနက် ၄ နာရီမှ ည ၁၀ နာရီအထိသာ မော်တော်ယာဉ် ဖြတ်သန်းသွားလာခွင့်ပြုထားခြင်းကြောင့် ဒလမြို့နယ် အပါအဝင် တွံတေးမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့ရှိ ဒေသခံပြည်သူများအတွက် ကျန်းမာရးဆိုင်ရာ အရေးပေါ်ကိစ္စရပ်များနှင့် လူမှုရေးဆိုင်ရာ အရေးပေါ်ကိစ္စရပ်များအတွက် အခက်အခဲများ ဖြစ်ပေါ်နေသည်ဟု ဒလမြို့နယ် ကိုယ်စားလှယ်အမှတ် (၁) ဒေါ်ဆွေဆွေဝင်းက မေးခွန်းမေးမြန်းစဉ် ထည့်သွင်းပြောကြားသည်။

"ရန်ကုန်-ဒလ ကိုရီးယားချစ်ကြည်ရေးတံတား လုံခြုံရေးအတွက် သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့များ၏ သဘောထားများအရ နယ်မြေခံရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး လုံခြုံရေး စနစ်တကျဆောင်ရွက်ပေးလျက်ရှိသဖြင့် ည ၁၂ နာရီအချိန်အထိ ထပ်တိုးသုံးစွဲဖြတ်သန်းခွင့်ကို ခွင့်ပြုပေးနိုင်ပါကြောင်း လွှတ်တော်ဥက္ကဌကြီးမှတစ်ဆင့် ပြန်လည်ဖြေကြားအပ်ပါတယ်"ဟု လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က ပြောကြားသည်။ 

Most Read

Most Recent