တောင်ဥက္ကလာပမြို့နယ်ရှိ i Phone အမျိုးအစားများသာ ရောင်းချသည့် ဖုန်းဆိုင် ဖောက်ထွင်းခံရမှုမှ ကျူးလွန်သူတစ်ဦးကို ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
တောင်ဥက္ကလာပမြို့နယ်၊ (၆)ရပ်ကွက်၊ ကုန်းဘောင်လမ်းတွင် ဖွင့်လှစ်ထားရှိသည့် ABC Mobile ဖုန်းဆိုင်ပိုင်ရှင် ကို ----- သည် မေ ၂၄ ရက် နံနက် ၇ နာရီခွဲတွင် ဖုန်းဆိုင်ဖွင့်ရန်အတွက် ဆိုင်ခန်းရှေ့တံခါးသော့အားဖွင့်ပြီး ဆိုင်အတွင်းသို့ဝင်ရောက်ခဲ့ရာ အနေအထားများပျက်ယွင်းနေပြီး ဆိုင်အတွင်းမှန်ကောင်တာများထဲတွင် ထားရှိသော iphone မျိုးစုံ ၂၁ လုံး(ခန့်မှန်းကျပ် ၈၄၇ သိန်းခန့်) မှာ ပျောက်ဆုံးနေကြောင်း တွေ့ရှိရခဲ့ရသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြသည်။
ဖြစ်စဉ်နှင့် ပတ်သက်ပြီး တောင်ဥက္ကလာပမြို့မရဲစခန်းတွင် (ပ)၁၉၆/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ အရအမှုရေးဖွင့်တိုင်တန်းခဲ့ကြောင်း သိရသည်။
အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များက တရားခံဖမ်းဆီးရမိရေးနှင့် ပါဆုံးသက်သေခံ iphone များသိမ်းဆည်းနိုင်ရေးအတွက် ကြိုးပမ်းစုံစမ်းဖော်ထုတ်ခဲ့ရာ ဇွန် ၄ ရက် နေ့လည် ၁၂ နာရီခွဲတွင် သက်သေခံဖုန်းများအား ဝင်ရောက်ခိုးယူရာတွင်ပါဝင်သည့် ရန်ကင်းမြို့နယ်နေ ကျော်ဇင်ကို(ခ)ကျော်ဇင်(၃၅)နှစ်အား ဖမ်းဆီးရမိခဲ့ပြီး သက်သေခံဖုန်း ၂၁ လုံးအား ဇော်မျိုးအောင် (စုံစမ်းဆဲ)နှင့်အတူ ဝင်ရောက်ခိုးယူခဲ့ကြောင်း သိရသည်။
ထို့ပြင် iphone နှစ်လုံးအား ကျော်ဇင်ကို (ခ)ကျော်ဇင်၏လက်ဝယ်တွင် ကိုင်တွယ်အသုံးပြုလျက်ရှိကြောင်း၊ ကျန် iphone ၁၉ လုံးအား ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ပေါ်တွင် ရောင်းချခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်သဖြင့် သက်သေခံ iphone ၂၁ လုံးအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များက လိုက်လံသိမ်းဆည်းနိုင်ခဲ့ပြီး ပြစ်မှုကျူးလွန်ရာတွင်အတူပါဝင်သူ တရားခံ ဇော်မျိုးအောင် (စုံစမ်းဆဲ) အား ဖမ်းဆီးရမိရေးစုံစမ်းဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။
ဓာတ်ပုံ- တရားခံ ကျော်ဇင်ကို(ခ)ကျော်ဇင်နှင့် သက်သေခံပစ္စည်းများ။















