တောင်ဥက္ကလာပမြို့နယ်တွင် လမ်းလျှောက်ရာမှ ပြန်လာသည့် အမျိုးသမီးတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ပြီး ဓာတ်လိုက်နေသည့် မိခင်ဖြစ်သူကို ဝင်ရောက်ကယ်ဆယ်သည့် သားဖြစ်သူပါ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ တောင်ဥက္ကလာပမြို့နယ် ၁၅ ရပ်ကွက် မြင်သာ ၁ လမ်းတွင် ဇွန် ၇ ရက် နံနက် ၇ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“သေဆုံးသွားတဲ့ အန်တီက မနက် ၇ နာရီဝန်းကျင် လမ်းလျှောက်ပြီးအပြန် ဓာတ်လိုက်ပြီးဆုံးသွားတာ။ ပြောချင်တာက မိုးတွင်း သတိပြုစရာထဲမှာ မိမိအိမ်ရော မိမိပတ်ဝန်းကျင်မှာရော လျှပ်စစ်အန္တရာယ်ကို သတိရှိကြဖို့ လိုအပ်ပါတယ်” ဟု မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက လူမှုကွန်ရက်တွင် ရေးသားထားသည်။
ဖြစ်စဉ်တွင် သေဆုံးခဲ့သည့် မိခင်ဖြစ်သူ၏ အလောင်းကို စံပြဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဒဏ်ရာရရှိခဲ့သည့် သားဖြစ်သူကို ဓမ္မစိန်ရောင်လူနာတင်ယာဉ်ဖြင့်မြောက်ဥက္ကလာဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။















