လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့သည် လာအိုနိုင်ငံ လွန်ပရာဘန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာပြီဖြစ်သည်။
လာအိုသမ္မတ သောင်လောင်ဆီ ဆိုလစ်၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ သုံးရက်တာ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့သည် ယနေ့(ဇူလိုင် ၅ ရက်) မွန်းလွဲပိုင်းတွင် လာအိုနိုင်ငံ၊ လွန်ပရာဘန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့ခြင်း ဖြစ်သည်။
လာအိုနိုင်ငံ၊ လွန်ပရာဘန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့အား လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့်ဇနီး၊ စစ်သံမှူး နှင့်ဇနီး၊ မြန်မာသံရုံး၊ စစ်သံရုံးဝန်ထမ်းနှင့် မိသားစုများ၊ လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးနှင့် ဇနီး ဦးဆောင်သည့် အဆင့်မြင့်အရာရှိကြီးများ၊ လွန်ပရာဘန်ပြည်နယ်ပါတီကော်မတီ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။
ထို့ပြင် လာအိုကျောင်းသားလူငယ်များကလည်း နှစ်နိုင်ငံအလံများကို ဝှေ့ယမ်း၍ နှုတ်ဆက်ခဲ့ကြသည်။
ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် လာအိုနိုင်ငံ သမ္မတနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ လာအိုအမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ လာအိုနိုင်ငံ ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးခြင်း များကို ဆောင်ရွက်ခဲ့သည်။















