ထိုင်းနိုင်ငံတွင် ၁၁ နှစ်အရွယ် ကလေးငယ်မောင်းလာသည့် မော်တော်ယာဉ်က ဆွမ်းခံကြွနေသည့် သံဃာတော်များကို ဝင်တိုက်ရာ သံဃာတော်ရှစ်ပါး ပျံလွန်တော်မူခဲ့ကြောင်း The Nation တွင် သတင်းဖော်ပြသည်။
ဇူလိုင် ၂ ရက် နံနက်ပိုင်းက ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း၊ Mukdahan ပြည်နယ်တွင် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦးက နေအိမ်မှ ပစ်ကပ်ကားကို ခိုးယူမောင်းနှင်လာစဉ် သံဃာတော်များကို ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။
ကနဦးသတင်းများအရ ရဟန်းငါးပါးသည် အခင်းဖြစ်ပွားရာနေရာတွင် ပျံလွန်တော်မူခဲ့ပြီး နောက်ထပ်သုံးပါးသည် ဆေးရုံ၌ ပျံလွန်တော်မူခဲ့ပြီး သေဆုံးသူစုစုပေါင်း ရှစ်ဦးအထိ မြင့်တက်လာခဲ့သည်။
အခြားသံဃာတော် ၁၃ ပါးမှာ ဒဏ်ရာရရှိခဲ့ပြီး ဆေးဘက်ဆိုင်ရာတာဝန်ရှိသူများကု သံဃာတော်များ၏ အခြေအနေကို ဆက်လက်စောင့်ကြည့်ကာ ကုသမှုများ ပြုလုပ်ပေးနေသည်ဟု သတင်းတွင် ရေးသားထားသည်။
ဆွမ်းခံကြွနေသည့် သံဃာတော် ၃၄ ပါးနှင့် ကပ္ပိယ ငါးဦးပါဝင်သည့် အဆိုပါ သံဃာတော်များမှာ Mukdahan မှ Ubon Ratchathani သို့ ဆွမ်းခံကြွနေခြင်းဖြစ်သည်။
ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ဒေသခံများက အကြောင်းကြားခဲ့သဖြင့် ဒေသခံလူမှုရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာသို့ သွားရောက်ကာ ကူညီမှုများပေးခဲ့ကြသည်။
အခင်းဖြစ်နေရာတွင် လမ်းဘေး၌ ဒဏ်ရာများ ရရှိနေသည့် သံဃာတော်များ၊ သံဃာတော်များကို ဝင်တိုက်မှုကြောင့် ရှေ့ပိုင်းပျက်စီးနေသည့် Mukdahan နံပါတ်ပါ ရွှေအိုရောင် ပစ်ကပ်ကားတစ်စီးကို တွေ့ရှိခဲ့သည်။
ဒဏ်ရာရရှိသော သံဃာတော်များကို Mukdahan ဆေးရုံနှင့် အနီးနားရှိ ဆေးဘက်ဆိုင်ရာဌာနများသို့ အလျင်အမြန်ပို့ဆောင်ကုသပေးခဲ့သည်။
အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိခဲ့တဲ့ အမြန်လမ်းရဲတပ်ဖွဲ့ဝင်တစ်ဦးက အစပိုင်းတွင် အရေးပေါ်လေ့ကျင့်ခန်း လုပ်ဆောင်နေသည်ဟု ထင်မှတ်ခဲ့ကြောင်း၊ လမ်းဘေးတွင် သံဃာတော်အများအပြား ဒဏ်ရာရရှိနေသည်ကို မြင်တွေ့ခဲ့ပြီးနောက် ကြီးမားသည့် မတော်တဆမှုဟု ချက်ချင်းသဘောပေါက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများကို အလျင်အမြန်လုပ်ဆောင်ခဲ့သည်ဟု သတင်းတွင် ရေးသားထားသည်။
ယာဉ်တိုက်မှုကို ကျူးလွန်ခဲ့သည့် ကလေးငယ်၏ အဖွားဖြစ်သူက ကလေးငယ်မှာ အထူးဂရုစိုက်ရမည့်ကလေး (Special Needs) အခြေအနေတွင်ရှိသည့် ကလေးငယ်ဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် အိမ်သားများ မသိအောင် မော်တော်ယာဉ်ကို မောင်းနှင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ကလေးငယ်က မော်တော်ယာဉ်ကို မောင်းနှင်သွားသည်ကို သိသိချင်း မည်သည့်နေရာသို့ မောင်းနှင်သွားသည်ကို မသိရှိကြောင်း၊ မော်တော်ယာဉ်ကို မောင်းနှင်သွားသည်ကို သိရှိသည်နှင့် တပြိုင်နက် ရဲတပ်ဖွဲ့ထံအကြောင်းကြားခဲ့သည်ဟု သတင်းတွင် ရေးသားထားသည်။
ကလေးငယ်မောင်းနှင်လာသည့် မော်တော်ယာဉ်မှာ Na Kham Noi စစ်ဆေးရေးဂိတ်ကို ကျော်ဖြတ်ကာ မြို့တွင်းသို့ မောင်းနှင်ရန် ဦးတည်ခဲ့ပြီး သံဃာတော်များကို ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။
ထိုင်းရဲတပ်ဖွဲ့က ကလေးငယ်ကို လက်ရှိတွင် ဖမ်းဆီးထားပြီး ကလေးငယ်က ကားထဲသို့ မည်သို့ဝင်ရောက်နိုင်ခဲ့သည်။ ယာဉ်တိုက်မှုမဖြစ်ပွားမီ သူသွားခဲ့သည့်လမ်းကြောင်းနှင့် မတော်တဆမှုဖြစ်ပွားရခြင်း၏ အခြားအချက်များရှိမရှိကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။















