ဇွန် ၄ ရက် ညည့်နက်ပိုင်းက ရွာသွန်းခဲ့သည့် မိုးကြောင့် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
လှိုင်၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ အလုံ အစရှိသည့် မြို့နယ်များတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး ဖုန်းဆိုင်၊ လျှပ်စစ်ပစ္စည်းဆိုင်၊ စားသောက်ကုန်အရောင်းဆိုင်အချို့မှာ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
" ညက မိုးကတော်တော်ကောင်းတယ်။ လေလည်းတိုက်တယ်။ ရေက ဒူးခေါင်းလောက်အထိ ရောက်သွားတယ်။ မိုးများပြီး ရေကြီးရေလျှံဖြစ်သွားတာ" ဟု စမ်းချောင်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
အဆိုပါ မြို့နယ်များတွင် တိုက်ခန်းအများအပြားရှိသဖြင့် မြေညီထပ်တွင် နေထိုင်သူများမှာ တိုက်ခန်းအတွင်း ရေဝင်ရောက်မှုကြောင့် အခက်အခဲများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
" တိုက်ခန်းမြေညီတွေက ရေဝင်တာ တော်တော်ခံရတယ်။ တချို့က ရေမဝင်အောင် တားတဲ့အုတ်တွေကိုတောင် ကျော်ပြီးရေဝင်လို့ အိမ်က ရေကန်ဖြစ်သွားတယ်။ ညက မိုးကလည်းတော်တော်ကောင်းတာ။ တချို့အိမ်တွေက ရေတွေပြန်ခပ်ထုတ်ရတယ်။ တချို့ကျတော့လည်း မခပ်နိုင်လို့ တဖြည်းဖြည်းချင်း လုပ်နေရတယ်" ဟု အလုံမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
ရေကြီးရေလျှံမှုကြောင့် အချို့ကွန်ဒိုများ၏ ကားပါကင်များမှာလည်း ရေဝင်ရောက်မှုကြောင့် မော်တော်ယာဉ်အချို့ ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဆေးရိုးတန်းနှင့် ငြိမ်းချမ်းရေးရပ်ကွက်၊ ကမ်းနားလမ်းနှင့် ပျဉ်းမပင်လမ်းထောင့်ရှိ Yangon River View Condo basement ကားပါကင်တွင် ရေဝင်ရောက်နေကြောင်း သတင်းရရှိသဖြင့် ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရေစုပ်ရန်သွားရောက် ကူညီဆောင်ရွက်ခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကလည်း သတင်းထုတ်ပြန်ထားသည်။















