စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဗဟိုဘဏ်က ဒေါ်လာ ၈၁ သန်း ရောင်းချပေးခဲ့ပြီး စက်သုံးဆီဈေးနှုန်းမှာလည်း ငါးပတ်ဆက်တိုက်ကျဆင်းလာကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ဈေးနှုန်းထုတ်ပြန်ချက်အရ သိရသည်။
မေ ၂၂ ရက်တွင် ရန်ကုန်မြို့တွင်း ရောင်းချလျက်ရှိသည့် စက်သုံးဆီရည်ညွှန်းဈေးနှုန်းများမှာ အောက်တိန်း ၉၂ တစ်လီတာလျှင် ၄၅၈၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ၄၆၅၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ၄၄၆၀ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၅၄၈၅ ကျပ်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်က ရောင်းချခဲ့သည့် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဓာတ်ဆီဈေးနှုန်းမှာ ၉၂ တစ်လီတာလျှင် ကျပ် ၂၀၊ ၉၅ တစ်လီတာလျှင် ငါးကျပ်သာတက်ခဲ့ပြီး ဒီဇယ်ဆီဈေးနှုန်းများမှာရိုးရိုးဒီဇယ်တစ်လီတာ ကျပ်၃၆၀ ၊ ပရီမီယံဒီတစ်တစ်လီတာလျှင် ကျပ် ၃၃၀အထိ ကျဆင်းလာခဲ့သည်ကို တွေ့ရသည်။ ယင်းကြောင့် စက်သုံးဆီဈေးနှုန်းများမှာ ငါးပတ်ဆက်တိုက် ကျဆင်းလာခဲ့သည်ကို စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ဈေးနှုန်းထုတ်ပြန်ချက်အရ သိရသည်။
စက်သုံးဆီများမှာ ရက်သတ္တပတ် နောက်ဆုံးရက်ဖြစ်သည့် သောကြာနေ့တွင် ဈေးနှုန်းများကို ပြောင်းလဲခြင်းဖြစ်သည်။
အလားတူ ဗဟိုဘဏ်ကလည်း စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၈၁ သန်းရောင်းချပေးမည်ဟု မေ ၂၀ ရက်တွင် ကြေညာခဲ့သည်။ ပြီးခဲ့တဲ့ မေ ၅ ရက်ကလည်း ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၁၃၅ ဒသမ ၃၁ သန်း ရောင်းချပေးခဲ့သဖြင့် လက်ရှိအချိန်အထိ ဒေါ်လာ ၂၁၆ ဒသမ ၃၁ သန်း ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့စက်သုံးဆီဈေးနှုန်းများမြင့်တက်ခဲ့သော်လည်း ပြည်တွင်းစက်သုံးဆီဈေးနှုန်းများစွာမြင့်တက်သွားခြင်းမရှိစေရေးအတွက် အစိုးရမှ ကြပ်မတ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊နိုင်ငံတော်အတွင်း စက်သုံးဆီဖူလုံမှုအနေဖြင့် ၆၀ ရက်စာလုံလောက်မှုရှိကြောင်း၊ စက်သုံးဆီ ဝယ်ယူသုံးစွဲသူများ အနေဖြင့် လိုအပ်သည်ထက် ပိုမိုဝယ်ယူသိုလှောင်ခြင်းမပြုဘဲ လိုအပ်သည့်အချိန်တွင်လိုအပ်သည့် ပမာဏကိုသာ ဝယ်ယူသုံးစွဲ ခြင်းဖြင့် ကဏ္ဍအလိုက်အသုံးပြုမှုကို ထိရောက်စွာ စီမံခန့်ခွဲနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။















