YBS ယာဉ်များ၏ ယာဉ်ကြံ့ခိုင်မှုများကို အပတ်စဉ် သို့မဟုတ် လစဉ် စစ်ဆေးရန်နှင့် ယာဉ်များတွင် GPS စနစ် တပ်ဆင်ထိန်းကျောင်းရန် အစီအစဉ်ရှိ မရှိအား ယနေ့ (ဇွန် ၁၆ ရက်) တွင် ပြုလုပ်ခဲ့သည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့၌ ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းထက်က မေးမြန်းသည်။
ရန်ကုန်တိုင်းဒေသကြီး၏ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး YBS ယာဉ်များသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်ကြသော ပြည်သူလူထု၏ အဓိကအားကိုးအားထားပြုရသည့် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ၏ ထုတ်ပြန်ချက်များအရ တစ်ရက်လျှင် ယာဉ်အစီးရေ ၃၅၀၀ ခန့်၊ ခရီးသည် ၁ ဒသမ ၇ သန်းခန့်ကို နေ့စဉ် ဝန်ဆောင်မှုပေးနေကြောင်းကို သိရှိရကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းထက်က မေးခွန်းမေးမြန်းစဉ် ထည့်သွင်းပြောကြားသည်။
ထို့ကြောင့် YBS ယာဉ်များ၏ ကြံ့ခိုင်ရေးနှင့် စည်းကမ်းလိုက်နာမှုသည် အများပြည်သူများ၏ လုံခြုံရေးနှင့် စိတ်ချမ်းမြေ့စွာ သွားလာနိုင်ရေးအတွက် လွန်စွာမှ အရေးပါလှပါကြောင်း၊ သို့ရာတွင် YBS ယာဉ်များ၏ ကြံ့ခိုင်မှုအားနည်းခြင်းကြောင့် ရန်ကုန်မြို့ပြလမ်းမများတွင် မကြာခဏ ယာဉ်တိုက်မှုများဖြစ်ပေါ်ခြင်း၊ ယာဉ်စီးနင်းသူနှင့် လမ်းလျှောက်သူအချို့၏ အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရှိရကြောင်း ဦးကျော်မင်းထက်က ပြောကြားသည်။
မေးခွန်းမေးမြန်းစဉ်အတွင်း ဦးကျော်မင်းထက်က ရန်ကုန်-ဒလ တံတားပေါ်တွင် YBS ယာဉ်ပေါ်မှ ကလေးငယ်တစ်ဦး ပြုတ်ကျသေဆုံးမှု၊ YBS ယာဉ်များ၏ ယာဉ်စည်းကမ်းဖောက်ဖျက်မှု၊ နောက်ကြည့်မှန် မပါဘဲ မောင်းနှင်မှု၊ မော်တော်ယာဉ် ကျော်တက်မောင်းနှင်မှုကြောင့် ယာဉ်တိမ်းမှောက်မှုနှင့်အတူ လူသေဆုံးမှုဖြစ်ပေါ်မှု စသည့် အခြေအနေများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းပြောကြားသည်။
“YBS ယာဉ်များ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုအားနည်းသောကြောင့် မလိုလားအပ်သော ယာဉ်ကြောပိတ်ဆို့မှုများ၊ ယာဉ်တိုက်မှုများ ဖြစ်ပေါ်နေသည်ကိုလည်း သိရှိရပါတယ်။ YBS ယာဉ်များ၏ သွားလာမှု၊ အရှိန်ပြင်းစွာ မောင်းနှင်မှုနှင့် နှစ်ထပ်ယာဉ်မောင်းမှုများကို အချိန်နှင့် တစ်ပြေးညီ စောင့်ကြည့်ထိန်းကျောင်းနိုင်ရေးအတွက် Global Positioning System-GPS စနစ်များ တပ်ဆင်ထိန်းကျောင်းသင့်ပါတယ်။ GPS တပ်ဆင်ထားခြင်းအားဖြင့် ဒီအရှေ့မှာဖြစ်တဲ့ကိစ္စတွေကို ထိန်းကျောင်းနိုင်မယ့်အပြင် ကျွန်တော်တို့ အနာဂတ် Smart City ဖော်ဆောင်ရာမှာ လိုအပ်တဲ့ Intelligent Transportation System တည်ဆောက်ရာမှာလည်း များစွာအထောက်အကူဖြစ်စေမှာဖြစ်ပါတယ်”ဟု ဦးကျော်မင်းထက်က ပြောကြားသည်။
ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် YBS ယာဉ်များ၏ ကြံ့ခိုင်မှုများကို အပတ်စဉ် သို့မဟုတ် လစဉ် စစ်ဆေးရန်နှင့် GPS စနစ်များ တပ်ဆင်ထိန်းကျောင်းရန် အစီအစဉ်ရှိ မရှိ သိရှိလိုပါကြောင်း ဦးကျော်မင်းထက်က မေးမြန်းခဲ့သည်။
ထိုသို့ မေးမြန်းမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ပြန်လည်ဖြေကြားရာတွင် YBS ယာဉ်များ၏ စည်းကမ်းဖောက်ဖျက်မှုများအပေါ် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) က YBS ယာဉ်များတွင် GPS စနစ် ပါဝင်သည့် CCTV ကင်မရာမှတစ်ဆင့် စောင့်ကြည့်ထိန်းချုပ် အရေးယူမှုများ ဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်းဖြေကြားခဲ့သော်လည်း ယာဉ်ကြံ့ခိုင်မှုစစ်ဆေးခြင်းမေးခွန်းနှင့် ပတ်သက်၍ ဖြေကြားရာတွင် မပါဝင်သဖြင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းထက်က ထပ်ဆင့်မေးခန်း မေးမြန်းခဲ့သည်။
ထိုသို့ ထပ်ဆင့်မေးခွန်းမေးမြန်းမှုအပေါ် “ယာဉ်ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီးတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ပြေးဆွဲနေတဲ့ အများပိုင်ကုမ္ပဏီ ၂၁ ခုရှိပါတယ်။ အဲဒီမှာမှ ယာဉ်လိုင်း ၁၃၅ လိုင်း၊ ဒီဟာတွေအပေါ်မှာ ကျွန်တော်တို့ တောက်လျှောက် စဉ်ဆက်မပြတ် ယာဉ်ကြံ့ခိုင်မှုများ စစ်ဆေးဆောင်ရွက်ဖို့ကိုလည်း စာနဲ့ တရားဝင် ထုတ်ပြန်ပြီးတော့မှ အကြောင်းကြားထားပြီးဖြစ်ပါတယ်” ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ပြန်လည်ဖြေကြားခဲ့သည်။















