အရှေ့အလယ်ပိုင်းစစ်ပွဲအဆုံးသတ်ရန် ဆွေးနွေးမှုများပြန်လည်စတင်ရေးအတွက် မသေချာမရေရာမှုတို့ မြင့်တက်လာသောကြောင့် အီရန်ကအမေရိကန်နှင့်ပြုလုပ်မည့်ဆွေးနွေးပွဲအသစ်များကို တက်ရောက်ရန်အစီအစဉ်မရှိဟု ဧပြီ ၂၀ ရက်တွင်ပြောကြားခဲ့သည်။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်က စစ်ပွဲအဆုံးသတ်ရေအတွက် ဆွေးနွေးမှုများ လုပ်ဆောင်ရေးအတွက် ပါကစ္စတန်သို့ စေ့စပ်ညှိနှိုင်းသူများအားစေလွှတ်လိုက်သည်ဟု ပြောကြားခဲ့သည်။ သဘောတူညီချက်မရရှိပါကအီရန်၏စွမ်းအင်အခြေခံအဆောက်အအုံများကို တိုက်ခိုက်မည်ဟုလည်းထပ်မံခြိမ်းခြောက်ခဲ့သည်။
ဧပြီ ၁၁ ရက်တွင် အစ္စလာမ်မာဘတ်၌ကနဦး ဆွေးနွေးမှုများသည် မရေမရာပြီးဆုံးခဲ့ပြီးနောက် အပစ်အခတ်ရပ်စဲရေးကိုချိုးဖောက်ကြောင်းနှစ်ဖက်စလုံးကအပြန်အလှန်အပြစ်တင်ခဲ့ကြသည်။
အီရန်ကုန်တင်သင်္ဘောကိုအမေရိကန်ကပစ်ခတ်ဖမ်းဆီးသည့်အတွက်လက်တုံ့ပြန်မည်ဟုလည်းအီရန်ကပြောကြားထားသည်။အဆိုပါသင်္ဘောသည်အီရန်ဆိပ်ကမ်းများကိုအမေရိကန်၏ပိတ်ဆို့မှုအားရှောင်ရှားရန်ကြိုးစားခဲ့သည်ဟုသမ္မတထရန့်က ဧပြီ ၂၀ ရက် စောစောပိုင်းတွင် ပြောကြားခဲ့သည်။
ကုန်တင်သင်္ဘောကိုအမေရိကန်ဖျက်သင်္ဘောက ပစ်ခတ်ဖမ်းဆီးခြင်းသည်အပစ်အခတ်ရပ်စဲရေးကိုချိုးဖောက်မှုဖြစ်သည်ဟုအီရန်ကပြောကြားသည်။
"ကျွန်တော်တို့ကတော့နောက်တစ်ကျော့ဆွေးနွေးပွဲအတွက်အစီအစဉ်မရှိပါဘူး။အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်ထားတာမျိုးလည်းမရှိပါဘူး"ဟုအီရန်နိုင်ငံခြားရေးဝန်ကြီးဌာနအတွက်ပြောရေးဆိုခွင့်ရသူ
အက်စ်မေးဘာကေးကပြောကြားသည်။
စေ့စပ်ဆွေးနွေးမှုများအတွက် သံတမန်ရေးနှင့် အဆင်သင့်ဖြစ်နေမှုတို့ကို ထိန်းသိမ်းထားသည်ဟု ပြောကြားနေသော်လည်း အမေရိကန်သည် သံတမန်လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် အလေးအနက်ထား
သည့်အပြုအမူတို့ကို ပြသခြင်းမရှိဟု ၎င်းက ပြောကြားခဲ့သည်။















