ရွှေကူမြို့က ပြည်သူလူထုကို မြို့ကနေ ထွက်ခွာတိမ်းရှောင်ရန် စာထုတ်တဲ့ KIA ကို ကျားနီပါတီ ခေါ် တိုင်းလိုင် ( ရှမ်းနီ ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီက ကန့်ကွက်ကြောင်း ဇွန် ၁၁ ရက်က ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်စာတွင် KIA ဦးဆောင်ကာ မြို့သိမ်းတိုက်ပွဲ များပြုလုပ်ခဲ့ ပျက်စီးခဲ့သည့် ကောလင်း၊ ပင်လည်ဘူး၊ ထီးချိုင့်၊ အင်းတော်၊ ဗန်းမောက်၊ ကသာ၊ မံစီ၊ မိုးမောက်၊ ဗန်းမော် စသည့်မြို့များက ပြည်သူများ၏ အသက် အိုးအိမ်စည်းစိမ်များပျက်စီးခါ ဒုက္ခပင်လယ်ဝေနေကြောင်း ဖော်ပြထားသည်။
ယခုဇွန် ၈ ရက်တွင် KIA ၏ တပ်ရင်း ၁၂ က ရွှေကူမြို့ကလူထုတွေ ကို မြို့ကထွက်ခွာဖို့ စာထုတ်ပြန်ခဲ့သည်။
KIA ပြောဆိုခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ယင်းထုတ်ပြန်ချက်မှာ စစ်ရေးတင်းမာနေခြင်း၊လူထု အထိအခိုက် ဖြစ်မည်ကို စိုးရိမ်ခြင်းကြောင်း ထုတ်ပြန်ခြင်း ဖြစ်ကြောင်း မီဒီယာများသို့ ပြောကြားထားသည်။
ရွှေကူမြို့ခံများက လက်ရှိတွင် ရှောင်တိမ်းနေသူများရှိနေပြီး ယခင်ကာလကတည်းက စီးပွားရေးလမ်းကြောင်းရှိသူများက မန္တလေးနှင့် အခြားမြို့များတွင် အခြေချနေကြောင်း ပြောကြားကြသည်။
"စစ်တမ်း ကောက်ကြည့်လိုက်ရင် ၉၉ ရာနှုန်းက မထွက်ချင်ဘူး။ခုက သုံတစ်ပုံကျော်ပဲရှိတော့မယ်။ထွက်တာနဲ့ အိမ်မဲ့ယာမဲ့ ဖြစ်ပြီလေ။ပျက်သွားတဲ့မြို့တိုင်းက ရစရာ ဘာမှမရှိဘူး။ပြည်သူချစ်ရင် မြို့မဖျက်ပါနဲ့လို့ တောင်းဆိုချင်တယ်။အဝေးရောက် မြို့ခံတွေရသလောက်စုပြီး စာတင်ဖို့လည်း ကြိုးစားနေကြတာတွေ ရှိတယ်"ဟု ငအိုးဘက် ပြေးလာသူက ဆိုသည်။
ရွှေကူမြို့ကို တိုက်ခိုက်လိုသည့် KIA ရဲ့ ရည်မှန်းချက်ကို ရပ်တန့်ဖို့နှင့်အခြားဒေသတွေကိုလည်း ရန်လိုသည့် တိုက်ပွဲဖော်ဆောင်မှုတွေကို လုံးဝရပ်ဆိုင်းဖို့ တိုက်တွန်းကြောင်း၊လူမျိုးရေးပြဿနာဖြစ်ပါက KIA/KIO ၏ တာဝန်သာဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။
မြန်မာပြည်မြောက်ပိုင်းမှာ KIA ဦးဆောင်ပြီး မြို့သိမ်းတိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်အတွင်းက မိုးမောက်၊မံစီ၊ဗန်းမော်မြို့နှင့် စစ်ကိုင်းတိုင်းကကသာ မြို့တွင်း ရပ်ကွက် အချို့၊အင်းတော်၊ဗန်းမောက်၊ထီးချိုင့်၊ကောလင်း၊ပင်လယ်ဘူး မြို့တွေ ပျက်စီးခဲ့ပြီးလူဦးရေ တစ်သန်းဝန်းကျင် ထွက်ပြေးနေရပြီးပြန်လည် နေထိုင်နိုင်ခြင်း မရှိသေးပေ။















