မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက သံလွင်မြစ်နှင့် အတ္ထရံမြစ်အတွင်း မုန်တိုင်းဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများခဲ့ကြောင်း သိရသည်။
ယမန်နေ့ မေလ (၂၀) ရက်နေ့ နံနက်ပိုင်းအချိန်က မော်လမြိုင်မြို့၊ မန္တလေးရပ်ကွက်ရှိ တရားလွှတ်တော်ရုံးဘေးရှိ ရေဆိပ်အနီး မြစ်အတွင်း မုန်တိုင်းဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်ခဲ့ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်းလည်း သိရသည်။
မွန်ပြည်နယ်အတွင်း ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်အခြေအနေများကို ကြိုတင်မျှော်မှန်းတွက်ဆထားရှိရန် လိုအပ်သည့် အစီအမံများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိပြီး လိုအပ်သည့် အစီအမံများကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရမည့်အပြင် ဖြစ်ပေါ်လာပါကလည်း အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်ထားကြရန် ဦးအောင်ဝင်းသန်းက မှာကြားခဲ့သည်။
သဘောဝဘေးအန္တရာယ် မဖြစ်ပွားမီ ကြိုတင်ပြင်ဆင် စီမံဆောင်ရွက်ခြင်း၊ သဘာဝဘေးဖြစ်ပွားချိန်တွင်လည်း အလျင်အမြန်တုံ့ပြန်ဆောင်ရွက်ခြင်း၊ သဘာဝဘေးဖြစ်ပွားခဲ့ပြီးပါက ရှာဖွေကယ်ဆယ်ရေးနှင့် ပြန်လည်ထူးထာင်ရေးလုပ်ငန်းများအား အမြန်ဆုံးလုပ်ဆောင်နိုင်ရန်လည်း ၎င်းက လမ်းညွန်မှာကြားခဲ့ကြောင်း သိရသည်။
ထို မုန်တိုင်းဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုတွင် ရေဘေးအန္တရာယ်ကျရောက်သည့် ဒေသများရှိ ပြည်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်း၊ မြစ်အတွင်း မောင်းနှင်နေသည့် ရေယာဉ်တိမ်းမှောက်ခြင်းအား ရေဆန်အဖွဲ့၊ အဓိကအဖွဲ့၊ ရေစုံအဖွဲ့ စသည်ဖြင့် အဖွဲ့သုံးဖွဲ့ခွဲ၍ ရှာဖွေကယ်ဆယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
နှစ်စဉ်မိုးရာသီကာလ၌ မွန်ပြည်နယ်အတွင်း ကျိုက်ရောနှင့် ဘီးလင်းမြို့နယ်များတွင် ရေကြီးရေလျှံမှုများ နှစ်စဉ်ဖြစ်ပွားလေ့ရှိသည့်အပြင် ယမန်နှစ် (၂၀၂၅) ခုနှစ် ဇူလိုင်လအတွင်းက လေဘေးကြောင့် မွန်ပြည်နယ်အနှံ့ သာသနိကအဆောက်အအုံ (၄) ခု၊ စာသင်ကျောင်း (၄) ကျောင်း၊ နေအိမ်အဆောက်အုံ (၅၆၀) ကျော် ထိခိုက်ပျက်ဆီးမှုများရှိခဲ့ပြီး လူတစ်ဦးသေဆုံးကာ (၁၇) ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် အပင်များနှင့် ဓါတ်တိုင်များလဲပြိုပျက်ဆီးခြင်း များရှိခဲ့ကြောင်း သိရသည်။














