■ ဘန်ကောက်တွင် အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးကို အဓမ္မ အလုပ်စေခိုင်းပြီး နှိပ်စက်ခဲ့သည့် မြန်မာနိုင်ငံသားများကို ဖမ်းဆီးရမိ

■ ဘန်ကောက်တွင် အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးကို အဓမ္မ အလုပ်စေခိုင်းပြီး နှိပ်စက်ခဲ့သည့် မြန်မာနိုင်ငံသားများကို ဖမ်းဆီးရမိ
Published 28 May 2026

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးကို အဓမ္မအလုပ်စေခိုင်းပြီး နှိပ်စက်ခဲ့သည့် မြန်မာနိုင်ငံသားသုံးဦးကို မေ ၂၆ ရက်က ဖမ်းဆီးခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြခဲ့သည်။

ဖမ်းဆီးရမိသူများသည် အဆိုပါ ကလေးငယ်အား ဘန်ကောက်မြို့တော်အနှံ့တွင် ကုန်ပစ္စည်းများ လှည့်လည်ရောင်းချခိုင်းပြီး သတ်မှတ်ထားသည့် ရောင်းအား မပြည့်မီပါက ရိုက်နှက်ခြင်း၊ အစာမကျွေးဘဲ အငတ်ထားခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

အဆိုပါကလေးငယ်ကို လက်မောင်းကျိုးဒဏ်ရာဖြင့် ကယ်တင်နိုင်ခဲ့သည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ဘန်ကောက်မြို့ Suan Luang ခရိုင်ရှိ နေအိမ်တစ်လုံးတွင် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ကို ကလေးသူငယ်နှင့် အမျိုးသမီးကာကွယ်စောင့်ရှောက်ရေးဌာနခွဲမှ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြောင်း ဘန်ကောက်ရဲတပ်ဖွဲ့ အကြီးအကဲ ဆယမ် ဘွန်ဆွန်က ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းတို့ကိုဖမ်းဆီးရမိခဲ့သည့် နေအိမ်အတွင်းမှ အခြားကလေးငယ် ငါးဦးကိုလည်း ရဲတပ်ဖွဲ့က ကယ်တင်နိုင်ခဲ့သည်။

သံသယရှိသူများသည်  အသက်မပြည့်သေးသည့် အဆိုပါကလေးငယ်များကို ဘန်ကောက် မြို့တော်တွင်းရှိ စားသောက်ဆိုင်များနှင့် ဖျော်ဖြေရေးလုပ်ငန်းခွင်နေရာများတွင် နေ့စဉ် မွန်းလွဲ ၃ နာရီမှ နံနက် ၃ နာရီအထိ ပန်းများနှင့် မုန့်များကို လှည့်လည်ရောင်းချခိုင်းကာ ခေါင်းပုံဖြတ် အမြတ်ထုတ်ခဲ့ကြောင်း​ ရဲတပ်ဖွဲ့၏ ပြောကြားခဲ့သည်။

အကယ်၍ ကလေးငယ်များသည် သတ်မှတ်ထားသော ရောင်းအားရည်မှန်းချက် မပြည့်မီပါက သံသယရှိသူများက ၎င်းတို့အား ရိုက်နှက်ခြင်းနှင့် အစာမကျွေးဘဲ အငတ်ထားခြင်းတို့ ပြုလုပ်လေ့ရှိသည်ဟု ဆိုသည်။

ထိုကဲ့သို့ ညှင်းပန်းနှိပ်စက်ခံရသည့် ကလေးငယ်များသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူနည်းစုများမှ ဖြစ်သည်ဟု ယူဆရကြောင်း သတင်းတွင် ဖော်ပြထားသည်။

Most Read

Most Recent