ထရန့်၏ ပို့စ်များကို ပိုမိုမြန်ဆန်စွာ ကြည့်ရှုခွင့်ရရှိရေးအတွက် ထရန့်မီဒီယာက ရောင်းချမည်

ထရန့်၏ ပို့စ်များကို ပိုမိုမြန်ဆန်စွာ ကြည့်ရှုခွင့်ရရှိရေးအတွက် ထရန့်မီဒီယာက ရောင်းချမည်
Published 17 July 2026

အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ စျေးကွက်အပေါ် သက်ရောက်မှုရှိစေမည့် လူမှုကွန်ရက်ပို့စ်များကို ပိုမိုမြန်ဆန်စွာ ကြည့်ရှုခွင့်ရရှိရေးအတွက် ရောင်းချရန် စီစဉ်နေကြောင်း ဒေါ်နယ်ထရန့်၏ မီဒီယာကုမ္ပဏီက ဇူလိုင် ၁၆ ရက်တွင် ပြောကြားခဲ့သည်။

ထိုလုပ်ဆောင်ချက်သည် အီရန်စစ်ပွဲမှသည် စီးပွားရေးအထိ ကမ္ဘာလုံးဆိုင်ရာ သတင်းခေါင်းစဉ်ကြီးများ ဖြစ်လာစေရန် ထရန့်အသုံးပြုရေးသားလေ့ရှိသည့် Truth Social ပေါ်မှ ပို့စ်များမှတစ်ဆင့် ထိရောက်စွာ ဝင်ငွေရှာသွားမည့် လုပ်ရပ်ဖြစ်သည်။

"အဆင့်အမြင့်ဆုံး Truth Social အကောင့်များမှ ပို့စ်များကို လိုင်စင်ရယူပြီး အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုခွင့်" ကို Truth API ဝန်ဆောင်မှုက ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း Trump Media က ပြောကြားခဲ့သည်။

သြဂုတ် ၁ ရက်တွင် စတင်မည့် ၎င်းဝန်ဆောင်မှုသည် သတင်းဦးသတင်းထူးများအတွက် စက္ကန့်ပိုင်းအလို အခွင့်အရေးများအပေါ် မှီခိုနေရသည့် ကုန်သွယ်မှုပြုလုပ်သူများနှင့် ဘဏ္ဍာရေးသတင်းအဖွဲ့အစည်းများ အတွက် အကျိုးရှိစေနိုင်မည်ဖြစ်သည်။

"Truth Social ပေါ်က ပို့စ်တွေကြောင့် စျေးကွက်တွေက လှုပ်ခတ်နေပြီးသားပါ" ဟု Trump Media and Technology Group ၏ ယာယီအမှုဆောင်အရာရှိချုပ် ကီဗင် မက်ဂန်းက ပြောကြားခဲ့သည်။

ထိုဝန်ဆောင်မှုသည် Truth Social ပေါ်မှ ပို့စ်များကို စောင့်ကြည့်ရန်အတွက်ကိုယ်တိုင်ကိုယ်ကျ စောင့်ကြည့်စစ်ဆေးခြင်းအပေါ် မှီခိုနေရသည့် လုပ်ငန်းများအတွက် ကွာဟချက်ကို ဖြည့်ဆည်းပေး နိုင်လိမ့်မည်ဟု ကုမ္ပဏီက ပြောကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရှုံးနိမ့်မှုကို ပြောင်းလဲရန် ကြိုးပမ်းသည့် ထောက်ခံသူများ၏ အမေရိကန်လွှတ်တော်အဆောက်အအုံ တိုက်ခိုက်မှုအပြီးတွင် ထရန့်သည် X လူမှုကွန်ရက်မှ ပိတ်ပင်ခံရပြီးနောက် Truth Social ကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။

ယခုအခါ ယင်းသည် ၎င်း၏ အဓိကကြေညာချက်များ ထုတ်ပြန်ရာ အားထားရသည့် ပလက်ဖောင်းတစ်ခု ဖြစ်နေသော်လည်း မြန်နှုန်းမြင့်ကြည့်ရှုခွင့်ကို ရောင်းချခြင်းက ထရန့်အနေဖြင့် သမ္မတရာထူးကို အသုံးချကာ ငွေရှာနေခြင်းအပေါ် မေးခွန်းသစ်များ ထွက်ပေါ်စေခဲ့သည်။

ဇွန်လတွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာများအရ ထရမ့်သည် ပြီးခဲ့သည့်နှစ်က ၎င်း၏မိသားစုပိုင် ခရစ်ပ်တိုငွေကြေး လုပ်ငန်းများမှ အနည်းဆုံး ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ ရရှိခဲ့ကြောင်း သိရသည်။

API ဆိုသည်မှာ မတူညီသော ကွန်ပျူတာပရိုဂရမ်နှစ်ခုကို အပြန်အလှန် ချိတ်ဆက်လုပ်ဆောင်နိုင်စေသည့် ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး ထရန့်၏ပို့စ်များကို ပိုမိုမြန်ဆန်စွာ အလိုအလျောက် စောင့်ကြည့်နိုင်ရန် လမ်းဖွင့်ပေးနိုင်မည်ဖြစ်သည်။

X ကဲ့သို့သော အခြားလူမှုကွန်ရက် ပလက်ဖောင်းများသည်လည်း ၎င်းတို့၏ ပလက်ဖောင်းများသို့ အလားတူ ချိတ်ဆက်ကြည့်ရှုခွင့်များကို ပံ့ပိုးပေးထားသည်။

Ref:AFP

Photo:AFP

Most Read

Most Recent