■ ဟုမ္မလင်းမြို့တွင် စက်သုံးဆီတင်ရေယာဉ်များ ဆိုက်ကပ်နိုင်ရန် ဆိပ်ကမ်းမြေနေရာ ငှားရမ်းအသုံးပြုခွင့်နှင့် ဆိပ်ခံတံတားတည်ဆောက်ခွင့်အတွက် လူပုဂ္ဂိုလ်/လုပ်ငန်းရှင် သို့မဟုတ် ကုမ္ပဏီအဖွဲ့အစည်းများ လျှောက်ထားလာပါက စိစစ်ဆောင်ရွက်ပေးသွားမည်

■ ဟုမ္မလင်းမြို့တွင် စက်သုံးဆီတင်ရေယာဉ်များ ဆိုက်ကပ်နိုင်ရန် ဆိပ်ကမ်းမြေနေရာ ငှားရမ်းအသုံးပြုခွင့်နှင့် ဆိပ်ခံတံတားတည်ဆောက်ခွင့်အတွက် လူပုဂ္ဂိုလ်/လုပ်ငန်းရှင် သို့မဟုတ် ကုမ္ပဏီအဖွဲ့အစည်းများ လျှောက်ထားလာပါက စိစစ်ဆောင်ရွက်ပေးသွားမည်
Published 17 July 2026

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့တွင် စက်သုံးဆီတင်ရေယာဉ်များ ဆိုက်ကပ်နိုင်ရန် ဆိပ်ကမ်းမြေနေရာ ငှားရမ်းအသုံးပြုခွင့်နှင့် ဆိပ်ခံတံတားတည်ဆောက်ခွင့်အတွက် လူပုဂ္ဂိုလ်/လုပ်ငန်းရှင် သို့မဟုတ် ကုမ္ပဏီအဖွဲ့အစည်းများမှ လျှောက်ထားလာပါက စိစစ်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလူက ပြောကြားသည်။

ဇူလိုင် ၁၆ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၈) ဦးကျော်ဇင်ထွန်းက စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့တွင် စက်သုံးဆီတင်ရေယာဉ်များ ဆိုက်ကပ်နိုင်သည့် စံချိန်မီဆီချဆိပ်ကမ်းတစ်ခု အရေးတကြီးလိုအပ်နေသောကြောင့် နိုင်ငံတော်မှ အကောင်အထည်ဖော်တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် မရှိပါက မည်သည့်အခက်အခဲများကြောင့် တည်ဆောက်မပေးနိုင်သည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြန်လည်ဖြေကြားရာတွင် ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလူက ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလူက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဟုမ္မလင်းမြို့ ဆိပ်ကမ်း၌ ကမ်းပါးနယ်ဧရိယာအတွင်း ရေယာဉ်များ ဆိုက်ကပ်ရပ်နားရန်အတွက် ဆိပ်ကမ်းမြေနေရာ ၁၅ နေရာတွင် လုပ်ငန်းဆောင်ရွက်ရန်အတွက် တင်ပြလာမှုများရှိခဲ့ရာ လတ်တလောတွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးရုံးအနေဖြင့် ဥပဒေအရ စိစစ်လျက်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဆက်လက်တင်ပြ၍ အတည်ပြုချက်ရရှိပါက ဖော်ပြပါ ဟုမ္မလင်းရှိ ဆိပ်ကမ်းမြေနေရာ ၁၅ နေရာ၏ မြေနေရာအသုံးပြုခွင့် ကျသင့်အခွန်အခများကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ပေးသွင်းစေလျက် လုပ်ငန်းဆောင်ရွက်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဟုမ္မလင်းမြို့တွင် စက်သုံးဆီတင်ရေယာဉ်များ ဆိုက်ကပ်နိုင်ရန် ဆိပ်ကမ်းမြေနေရာ ငှားရမ်းအသုံးပြုခွင့်နှင့် ဆိပ်ခံတံတားတည်ဆောက်ခွင့်အတွက် လူပုဂ္ဂိုလ်/လုပ်ငန်းရှင် သို့မဟုတ် ကုမ္ပဏီအဖွဲ့အစည်းများမှ လျှောက်ထားလာပါက စိစစ်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ် ရေလမ်းဖွံ့ဖြိုးရေးနှင့် မြို့၏ ဆိပ်ကမ်းရှေ့တွင် တည်ငြိမ်သော ရေလမ်းဖြစ်ပေါ်စေရေးတို့အတွက်လည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဟုမ္မလင်းမြို့တွင် ဆီတင်ချ အပါအဝင် စံချိန်မီဆိပ်ကမ်းအတွက် ဖြစ်နိုင်ခြေလေ့လာမှု (Feasibility Study) အသေးစိတ်ဆောင်ရွက်ရန်လိုအပ်ခြင်း၊ နည်းပညာပိုင်းဆိုင်ရာ (Technical) အရ ဖြစ်နိုင်ခြေ ရှိ၊ မရှိ၊ ကုန်ကျစရိတ်နှင့် ပြန်လည်ရရှိနိုင်မှု (Cost and Benefit) သုံးသပ်တွက်ချက်ရန်လိုအပ်ခြင်း၊ ဆိပ်ကမ်းတစ်ခုတည်ဆောက်နိုင်ရန် ကုန်ကျစရိတ်များပြားလွန်းသဖြင့် ရင်းနှီးမြှုပ်နှံမှုအပေါ်မူတည်၍ ဆောင်ရွက်ရခြင်းတို့ကြောင့် ဟုမ္မလင်းမြို့တွင် စက်သုံးဆီတင်ရေယာဉ်များ ဆိုက်ကပ်နိုင်မည့် စံချိန်မီ ဆီချဆိပ်ကမ်းတစ်ခု တည်ဆောက်ရန် လတ်တလောအခြေအနေအရ အစီအစဉ်မရှိသေးကြောင်းလည်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားသည်။

ဟုမ္မလင်းမြို့တွင် စက်သုံးဆီတင်ရေယာဉ်များ ဆိုက်ကပ်နိုင်ရန်အတွက် ဆိပ်ကမ်းမြေနေရာ ငှားရမ်းအသုံးပြုခွင့်နှင့် ဆိပ်ခံတံတားတည်ဆောက်ခွင့်ကို လူပုဂ္ဂိုလ်/ လုပ်ငန်းရှင် သို့မဟုတ် ကုမ္ပဏီအဖွဲ့အစည်းများက လျှောက်ထားလာပါက ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စိစစ်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဆိပ်ကမ်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့တွင် စက်သုံးဆီတင်ရေယာဉ်များ ဆိုက်ကပ်နိုင်မည့်ဆိပ်ကမ်းတစ်ခု တည်ဆောက်ပေးရန် အစီအစဉ်မရှိသေးကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဖြေကြားသည်။

Most Read

Most Recent