အမေရိကန်က အီရန်ကို ညလုံးပေါက်တိုက်ခိုက်ခဲ့ပြီး အီရန်ကလည်း ဒေသတွင်း အခြေခံအဆောက်အအုံများကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်

အမေရိကန်က အီရန်ကို ညလုံးပေါက်တိုက်ခိုက်ခဲ့ပြီး အီရန်ကလည်း ဒေသတွင်း အခြေခံအဆောက်အအုံများကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်
Published 17 July 2026
Ref:AFP

အမေရိကန်သည် ဇူလိုင် ၁၆ ရက်က အီရန်ကို ညလုံးပေါက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အမေရိကန်တပ်ဖွဲ့များသည် အရပ်ဘက်နယ်မြေများကို တိုက်ခိုက်ခဲ့သည်ဟု အီရန်က စွပ်စွဲကာ ဒေသတွင်း အခြေခံအဆောက်အအုံများကို တုံ့ပြန်တိုက်ခိုက်သွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။

ဟော်မုဇ်ရေလက်ကြားနှင့်ပတ်သက်သည့် အဆိုပါတိုက်ပွဲသည် အရှေ့အလယ်ပိုင်းတွင် စစ်မီးကို ပြန်လည်တောက်လောင်စေခဲ့ပြီး အမေရိကန်နှင့် အီရန်တို့သည် ခြောက်ရက်ဆက်တိုက် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။

ကုန်သွယ်ရေးသင်္ဘောများကို အီရန်က တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် ဒါဇင်နှင့်ချီသည့် အီရန်စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်စစ်တပ်က သတင်းထုတ်ပြန်ခဲ့ပြီး ယင်းသည် အီရန်နှင့် ရရှိထားသည့် ပဏာမသဘောတူညီချက် ပျက်ပြားသွားပြီးနောက် နောက်ဆုံးပြုလုပ်ခဲ့သော တိုက်ခိုက်မှုများ ဖြစ်သည်။

ဇူလိုင် ၁၇ ရက်အစောပိုင်းတွင် အီရန်နိုင်ငံအတွင်းရှိ လေဆိပ်တစ်ခုနှင့် ရထားဘူတာရုံတစ်ခု တိုက်ခိုက်ခံရခြင်း တံတားနှစ်စင်း တိုက်ခိုက်ခံရခြင်းတို့ကြောင့် လူခုနစ်ဦး သေဆုံးခဲ့ကြောင်း အီရန်နိုင်ငံက ကြေညာခဲ့သည်။

"အမေရိကန်တွေအနေနဲ့ အစ္စလာမ္မစ်သမ္မတနိုင်ငံတော်ရဲ့ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်မယ်ဆိုရင် ဒေသတစ်ဝန်လုံးမှာရှိတဲ့ အခြေခံအဆောက်အအုံတွေအားလုံးဟာ အီရန်အတွက် တရားဝင်ပစ်မှတ်တွေ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် တရားဝင် ကြေညာပါတယ်" ဟု အီရန်လက်နက်ကိုင်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ ဇူလိုင် ၁၆ ရက်က ပြောကြားချက်ကို ကိုးကား၍ အီရန်နိုင်ငံပိုင် ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့သည်။

ယခုတစ်ကျော့ပြန်ဖြစ်ပွားနေသည့် တိုက်ပွဲများသည် ဖေဖော်ဝါရီလနှောင်းပိုင်းက အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများနှင့်အတူ စတင်ဖြစ်ပွားခဲ့သော ပဋိပက္ခကို အဆုံးသတ်ရန် ရည်ရွယ်သည့် ပဏာမသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး တစ်လအကြာတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

သို့သော် စစ်ပွဲမတိုင်မီက လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့် ရှိခဲ့သော်လည်း ကမ္ဘာလုံးဆိုင်ရာ ရေနံထောက်ပံ့မှုအတွက် အရေးပါသော ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်ထားကြောင်း အီရန်က အခိုင်အမာ ပြောကြားနေသည့်အတွက် အမေရိကန်နှင့် အီရန်ကြား အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားနေသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်နိုင်ငံအတွင်းရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် တံတားများကို တိုက်ခိုက်မည်ဆိုသည့် ခြိမ်းခြောက်မှုကို ဆက်လက်လုပ်ဆောင်ပါက ဒေသတစ်ဝန်းရှိ အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားသွားမည်ဟု အီရန်က ကြိုတင်သတိပေးထားခဲ့သော်လည်း အိမ်ဖြူတော်ကမူ ထရန့်သည််သံတမန်ရေးအရ ဆွေးနွေးရန် လမ်းဖွင့်ထားဆဲ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အီရန်ကလည်း ၎င်းတို့၏ အခြေခံအဆောက်အအုံများအပေါ် အမေရိကန်၏ တိုက်ခိုက်မှုများကိုတုံ့ပြန်သည့်အနေဖြင့် ပင်လယ်ကွေ့ဒေသရှိ အမေရိကန်မဟာမိတ်များကို တိုက်ခိုက်ခဲ့သည်။

ကာတာနှင့် ကူဝိတ်နိုင်ငံတို့က ဇူလိုင် ၁၇ ရက်တွင် အီရန်၏ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုများကို ပြန်လည်တုံ့ပြန်နေကြောင်း ပြောကြားခဲ့ပြီး ကာတာနိုင်ငံ မြို့တော် ဒိုဟာရှိ အေအက်ဖ်ပီ သတင်းထောက်များကလည်း ပေါက်ကွဲသံအချို့ကို ကြားခဲ့ရသည်။

ထို့ပြင် ဘာရိန်းနိုင်ငံ၏ လေတပ်အခြေစိုက်စခန်းတစ်ခုရှိ အမေရိကန် ရဟတ်ယာဉ်များနှင့် လေယာဉ်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

ဘာရိန်းအစိုးရက ၎င်း၏ နိုင်ငံသားများအား ဘေးကင်းရာတွင် ခိုလှုံကြရန် တိုက်တွန်းထားသည်။

ထို့ပြင် အီရန်နိုင်ငံ အနောက်တောင်ပိုင်း အာဗက်ဇ်မြို့အနီးရှိ ကလေးဆေးရုံအနီးကို အမေရိကန်က တိုက်ခိုက်ခဲ့ခြင်းအပေါ် တုံ့ပြန်သည့်အနေဖြင့် ဂျော်ဒန်နိုင်ငံရှိ အမေရိကန်လေတပ်အခြေစိုက်စခန်းတစ်ခုကို ပဲ့ထိန်းဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ က ပြောကြားခဲ့ပြီး တစ်ရက်အကြာတွင် ယခုတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

Most Read

Most Recent