နျူကလီးယားတပ်ဖွဲ့အင်အားကို အဆမတန်တိုးမြှင့်သွားမည်ဟု မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအွန်က ကတိပြုခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည်။
ကင်သည် နျူကလီးယားဆိုင်ရာ အဆောက်အအုံသစ်တစ်ခုသို့ သွားရောက်ခဲ့ချိန်တွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
နျူကလီးယားလက်နက် ပိုင်ဆိုင်ထားသည့် မြောက်ကိုရီးယားနိုင်ငံသည် ယောင်ဗြွန်၊ ကန်ဆွန်နှင့် ကူဆွန် အမည်ရှိ နေရာသုံးခုတွင် ယူရေနီယံသန့်စင်သည့် အဆောက်အအုံများကို လည်ပတ်လုပ်ဆောင်နေသည်ဟု ယူဆရသည်။
ကင်သည် ဇွန် ၃ ရက်တွင် အသစ်ဖွင့်လှစ်လိုက်သည့် နျူကလီးယား ကုန်ကြမ်းပစ္စည်းများ ထုတ်လုပ်ရေးစက်ရုံ သို့ သွားရောက်ခဲ့ကြောင်း KCNA က ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယား အင်အားစုများကို အဆမတန်တိုးမြှင့်ရန် ရည်ရွယ်ရေးဆွဲထားသည့် ရည်မှန်းချက်ကြီးမားသည့် အနာဂတ်စီမံကိန်းတစ်ခုကို ကင်က ထည့်သွင်းပြောကြားခဲ့ကြောင်း KCNA သ တင်းတွင် ဖော်ပြထားသည်။
မြောက်ကိုရီးယားနိုင်ငံသည် အမေရိကန်၏ ဖိအားပေးမှုများကို ငြင်းပယ်ပြီး မိမိတို့ ၏ နျူကလီးယားလက်နက် တည်ဆောက်ရေးလမ်းစဉ်မှာ နောက်ပြန်လှည့်၍မရတော့သော အခြေအနေသို့ ရောက်ရှိနေပြီး နျူက လီးယားလက်နက်တိုက်ကို လက်လွှတ်မည်မဟုတ်ကြောင်း ကင်ကအခိုင်အမာ ပြောကြားခဲ့သည်။
“ပြီးခဲ့တဲ့ ၅ နှစ်တာ ကာလအတွင်းမှာ လက်နက်အဆင့်မီ နျူကလီးယားကုန်ကြမ်း ပစ္စည်းထုတ်လုပ်နိုင်မှု စွမ်းပကားဟာ နှစ်ဆကျော်အထိ တိုးတက်လာခဲ့တယ်” ဟုလည်း ကင်က ထည့်သွင်းပြောဆိုခဲ့သည်။
မြောက်ကိုရီးယားသည် ယခုနှစ်အတွင်း ဒုံးကျည်စမ်းသပ်မှုပေါင်း ရှစ်ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ပြီးဖြစ်ရာ ယင်းသည် နိုင်ငံတကာ စံနှုန်းများ အားနည်းပျက်ပြားလာမှုကို အခွင့်ကောင်းယူပြီး ၎င်းတို့၏ နျူကလီးယားပိုင်ဆိုင်မှု အဆင့်အတန်းကို ခိုင်မာအောင် လုပ်ဆောင်ရန် မြောက်ကိုရီးယား၏ ကြိုးပမ်းအား ထုတ်မှုများကို ထင်ဟပ်နေခြင်း ဖြစ်နိုင်ကြောင်း လေ့လာဆန်းစစ်သူများက ဆိုသည်။
မြောက်ကိုရီးယားဘက်က အဆိုပါစက် ရုံတည်ရှိသည့်နေရာကို ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း လေ့လာဆန်းစစ်သူများကမူ ယင်းအဆောက်အအုံသည် ယောင်ဗြွန်တွင် အသစ်တည်ဆောက်ပြီးစီးခဲ့သော ယူရေနီယံသန့်စင်စက်ရုံ ဖြစ်နိုင်ခြေများကြောင်း သုံးသပ်ထားသည်။
မြောက်ကိုရီးယားလေ့လာရေးတက္ကသိုလ်၏ ပါမောက္ခချုပ်ဟောင်း ရန်မူဂျင်က အကယ်၍ အဆိုပါစက်ရုံသည် ယောင်ဗြွန်တွင် တည်ရှိသည်ဟု အတည်ပြုနိုင်ခဲ့ပါက ယင်းသည် ၀ါဒဖြန့်ချိရေး ရည်ရွယ်ချက်အတွက်လည်း အသုံးဝင်နိုင်ကြောင်း ပြောကြားခဲ့သည်။
မြောက်ကိုရီးယားသည် ၁၉၉၃ ခုနှစ် တွင် နျူကလီးယားလက်နက် မပြန့်ပွားရေး စာချုပ်မှ နှုတ်ထွက်ခဲ့ပြီး ထိုအချိန်မှစ၍ နျူကလီးယားစမ်းသပ်မှု ခြောက်ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့သဖြင့် ကုလသမဂ္ဂ၏ ပိတ်ဆိုမှုများခံ ခဲ့ရသည်။ ထို့ပြင် မြောက်ကိုရီးယားတွင် နျူကလီးယားထိပ်ဖူး အရေအတွက် ဆယ်ဂဏန်းခန့် ပိုင်ဆိုင်ထား သည်ဟုလည်း ယူဆရသည်။
Ref:AFP















