အာရှတွင် ကျားဖျန့်လုပ်ငန်းများကြောင့် ၂၀၂၅ ခုနှစ်အတွင်း ဒေါ်လာ ၁၁၄ ဒသမ ၁ ဘီလျံအထိ ဆုံးရှုံးနစ်နာခဲ့ရကြောင်း ကုလသမဂ္ဂ ထုတ်ပြန်

အာရှတွင် ကျားဖျန့်လုပ်ငန်းများကြောင့် ၂၀၂၅ ခုနှစ်အတွင်း ဒေါ်လာ ၁၁၄ ဒသမ ၁ ဘီလျံအထိ ဆုံးရှုံးနစ်နာခဲ့ရကြောင်း ကုလသမဂ္ဂ ထုတ်ပြန်
Published 21 July 2026

အာရှတွင် ကျားဖျန့်ဟု လူသိများသည့် အွန်လိုင်းပေါ်မှ ငွေကြေးလိမ်လည်မှုများကြောင့် ၂၀၂၅ ခုနှစ်အတွင်း ဒေါ်လာ ၁၁၄ ဒသမ ၁ ဘီလျံအထိ ဆုံးရှုံးနစ်နာခဲ့ရကြောင်း  ကုလသမဂ္ဂအစီရင်ခံစာတစ်ခုတွင် ဇူလိုင် ၂၁ ရက်က ဖော်ပြခဲ့သည်။

အရှေ့အာရှ၊ အရှေ့တောင်အာရှ၊ သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့ရှိ နယ်စပ်ဖြတ်ကျော် အွန်လိုင်းလိမ်လည်မှုခံရသူများ၏ ဆုံးရှုံးမှုကို ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုတိုက်ဖျက်ရေးရုံး (UNODC) က ဇူလိုင် ၂၁ ရက်တွင် ဖော်ပြခဲ့ပြီး ခန့်မှန်းခြေဆုံးရှုံးမှုပမာဏမှာ ၂၀၂၃ ခုနှစ်ကထက် အနည်းဆုံး သုံးဆခန့် မြင့်တက်လာခဲ့သည်။

အရှေ့တောင်အာရှ အထူးသဖြင့် ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့တွင်လိမ်လည်သူများက ခိုင်ခံ့စွာ ကာရံထားသော အဆောက်အအုံဝင်းများအတွင်းမှနေ၍ ကမ္ဘာတစ်ဝန်းရှိ   အင်တာနက်အသုံးပြုသူများကို အတုအယောင် အချစ်ရေးလိမ်လည်မှုနှင့် crytocurrency ရင်းနှီးမြှုပ်နှံမှု လိမ်လည်သည့် စီမံကိန်းများဖြင့် လိမ်လည်လှည့်ဖြားနေကြသော

ဒေသတွင်း ရာဇဝတ်ဂိုဏ်းကြီးများ၏ ဗဟိုချက်အဖြစ် ထွက်ပေါ်လာခဲ့သည်။

လိမ်လည်သူများတွင် အချို့မှာ မိမိသဘောဆန္ဒအလျောက် ပါဝင်သူဖြစ်ပြီးအချို့မှာမူ လူကုန်ကူးခံရသူများဖြစ်သည်။ သို့သော် အမေရိကန်၊ ဗြိတိန်နှင့် တရုတ်အပါအဝင် နိုင်ငံအများအပြား၏ ဖိအားပေးမှုများကြောင့် အဆိုပါ တရားမဝင်စီးပွားရေးလုပ်ငန်းများကို နှိမ်နင်းလျက်ရှိကြောင်း ဒေသတွင်း အာဏာပိုင်များက ပြောကြားသည်။

လူကုန်ကူးမှုများကို အခြေခံ၍ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေသော ဆိုက်ဘာလိမ်လည်မှုများတွင် ပါဝင်ပတ်သက်နေ သည်ဟု စွပ်စွဲခံထားရသော ကုမ္ပဏီများနှင့် လူတစ်ဦးချင်းစီကို ၀ါရှင်တန်နှင့် လန်ဒန်တို့က ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့ပြီးနောက် လွန်ခဲ့သောနှစ်အတွင်း လိမ်လည်မှုကွန်ရက်၏ ဂိုဏ်းချုပ်ဟု စွပ်စွဲခံရသူ အများအပြားကို ကမ္ဘောဒီးယားမှ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်။

သတ်မှတ်ထားသော ဒေသများတစ်လျှောက် အဓိကအားဖြင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လိမ်လည်မှုများမှ ဖြစ်ပေါ်လာသော အွန်လိုင်းလိမ်လည်မှုများသည် လွန်ခဲ့သောနှစ်အတွင်း ကျူးလွန်ခံရသူများထံမှ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၈၈ ဒသမ၃ ဘီလျံမှ ၁၁၄ ဒသမ ၁ ဘီလျံအထိ ဆုံးရှုံးစေခဲ့ကြောင်း UNODC ၏ အစီရင်ခံစာသစ်တွင်ဆိုသည်။

စုစုပေါင်း ဆုံးရှုံးမှုပမာဏသည် ၂၀၂၃ ခုနှစ်တွင် ခန့်မှန်းခဲ့သည့် ဒေါ်လာ ၁၈ ဘီလျံမှ များစွာကျော်လွန်၍ ၃၇ ဘီလျံအထိရှိနေပြီး ယခုရာဇဝတ်မှုဆိုင်ရာ စီးပွားရေးလုပ်ငန်း၏ သိသိသာသာ ကြီးထွားလာမှုကို ရောင်ပြန်ဟပ်နေကြောင်း အစီရင်ခံစာတွင် ဆိုသည်။

လွန်ခဲ့သော နှစ်နှစ်အတွင်း အာရှဒေသတွင်း အွန်လိုင်းလိမ်လည်မှုများကြောင့် တရုတ်၊ တောင်ကိုရီးယားနှင့်တရုတ်(တိုင်ပေ)တို့သည် အများဆုံး ဆုံးရှုံးခဲ့ရပြီး တစ်နိုင်ငံစီ၌ ဒေါ်လာ ဘီလျံပေါင်းများစွာ ဆုံးရှုံးခဲ့ရကြောင်း ထပ်လောင်းဖော်ပြထားသည်။

အဖွဲ့အစည်းလိုက် ကျူးလွန်သည့် ရာဇဝတ်ဂိုဏ်းများသည် စတင်ချိန်တွင် တရုတ်ဘာသာစကား ပြောဆိုသူများကို အဓိကပစ်မှတ်ထားခဲ့သော်လည်း နောက်ပိုင်းတွင် ၎င်းတို့၏ စည်းရုံးလှုံ့ဆော်မှုကို တိုးချဲ့ခဲ့သည်။

Ref;AFP

Most Read

Most Recent