ဘင်္ဂလားဒေ့ရှ် တိရစ္ဆာန်ဥယျာဉ်တွင် ဒေါ်နယ်ထရန့်ဟု အမည်ပေးထားသည့် ကျွဲဖြူကြီးကို လာရောက်ကြည့်ရှုသူ များပြားနေ

ဘင်္ဂလားဒေ့ရှ် တိရစ္ဆာန်ဥယျာဉ်တွင် ဒေါ်နယ်ထရန့်ဟု အမည်ပေးထားသည့် ကျွဲဖြူကြီးကို လာရောက်ကြည့်ရှုသူ များပြားနေ
Published 31 May 2026

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်ရှိ တိရစ္ဆာန်ဥယျာဉ်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ အမည်ကိုပေးထားသည့် ကျွဲဖြူကြီးကို လာရောက်ကြည့်ရှုသူများ အလွန်များပြားနေသည်ဟု အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။

Albino ရောဂါကြောင့် အသားအရောင်နှင့် အမွေးအမှင်များ ဖြူဆွတ်နေသည့် အဆိုပါကျွဲဖြူကြီးကို ပိုင်ဆိုင်ခဲ့သည့် ပိုင်ရှင်ဟောင်းများက ကျွဲဖြူကြီး၏ ဦးခေါင်းပေါ်မှ အမွေးအမှင်များ၏ပုံစံမှာ အမေရိကန်သမ္မတထရန့်၏ ထူးခြားသော ဆံပင်ပုံစံနှင့် ဆင်တူနေသောကြောင့် ထိုအမည်ကို ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အင်တာနက်ပေါ်တွင် လူပြောများနေသည့် အဆိုပါကျွဲကြီးကို အပြင်မှာ မြင်တွေ့လိုကြသော လူမှုကွန်ရက်ပရိသတ်များ၊ လာရောက်ကြည့်ရှုသူများနှင့် ကလေးငယ်များအပါအဝင် စိတ်ဝင်တစားရှိကြသည့် ဧည့်သည်အုပ်စုကြီးသည် မေလတစ်လလုံး အဆက်မပြတ် လာရောက်ကြည့်ရှုခဲ့ကြကြောင်း မရီဒါက ပြောကြားခဲ့သည်။

ကီလိုဂရမ် ၇၀၀ (ပေါင် ၁၅၀၀) အလေးချိန်ရှိသော အဆိုပါကျွဲကြီးကို အိဒ်နေ့တွင် ကုရ်ဘာနီပြုလုပ်ရန် စီစဉ်ထားခဲ့သော်လည်း အိဒ်နေ့မတိုင်မီ အစိုးရက ကြားဝင်ဟန့်တားခဲ့ပြီး ကျွဲဖြူကြီးကို အသက်ချမ်းသာခွင့်ပေးခဲ့ကာ ဒါကာမြို့တော်ရှိ တိရစ္ဆာန်ရုံသို့ လွှဲပြောင်းအပ်နှံခဲ့သည်။

လက်ရှိအချိန်ထိလည်း တိရစ္ဆာန်ရုံတွင်ရှိနေသည့် အဆိုပါကျွဲဖြူကြီးကို လာရောက်ကြည့်ရှုသူများ များပြားနေဆဲဖြစ်သည်။

Ref: AFP

Most Read

Most Recent