အီရန်တွင် ဒုံးကျည်လက်ကျန် ၂၂ ရာခိုင်နှုန်းခန့် ရှိနေသေးကြောင်း အမေရိကန်သမ္မတထရန့် ပြောကြား

အီရန်တွင် ဒုံးကျည်လက်ကျန် ၂၂ ရာခိုင်နှုန်းခန့် ရှိနေသေးကြောင်း အမေရိကန်သမ္မတထရန့် ပြောကြား
Published 7 June 2026

အီရန်နိုင်ငံတွင် ဒုံးကျည်လက်ကျန် ၂၂ ရာခိုင်နှုန်းခန့်ရှိနေသေးကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ဇွန် ၅ ရက်တွင် ပြောကြားခဲ့သည်။

အပစ်အခတ်ရပ်စဲရေး ပျက်ပြားလုနီးပါး အခြေအနေသို့ရောက်ရှိနေသည့် ယခုသီတင်းပတ်အတွင်း အီရန်သည် ဒေသတွင်း အိမ်နီးချင်းနိုင်ငံများကို ဒုံးကျည် အများအပြားဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ထရန့်၏ ပြောကြားချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

သူတို့မှာ စွမ်းဆောင်ရည် ရှိနေပါသေးတယ်။ ဒုံးကျည်အချို့နဲ့ ဒရုန်းအချို့ ရှိနေသေးတယ်။ ရာခိုင်နှုန်းနဲ့ ပြောရရင်တော့ သူတို့မှာ ဒုံးကျည်လက်ကျန် ၂၁ ဒါမှမဟုတ် ၂၂ ရာခိုင်နှုန်းလောက် ရှိလိမ့်မယ်လို့ ကျွန်တော် ပြောချင်ပါတယ်ဟု ထရန့်က NBC News နှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

အီရန်၏ ဒုံးကျည်လက်ကျန် ပမာဏနှင့်ပတ်သက်ပြီး ထရန့်၏ ယခုခန့်မှန်းချက်သည် ပြီးခဲ့သည့် မေလအတွင်းက ပြောကြားခဲ့သည့် ၁၈ ရာခိုင်နှုန်းထက် ပိုမိုများပြားနေသည်။

ထို့ပြင် ထရန့်သည် အီရန်၏ စစ်ပွဲဆင်နွှဲနိုင်စွမ်းကို အမြစ်ပြတ်ချေမှုန်းနိုင်ခဲ့ပြီဖြစ်ကြောင်း မကြာခဏ ပြောဆိုလေ့ရှိသည်။

အီရန်ကမူ အိုမန်ပင်လယ်ကွေ့အတွင်းရှိ အမေရိကန် ဖျက်သင်္ဘောနှစ်စင်းကို ဒုံးကျည်များဖြင့် သတိပေး ပစ်ခတ်ခဲ့ကြောင်း အီရန်စစ်တပ်က ဇွန် ၅ ရက်တွင် ပြောကြားခဲ့သော်လည်း အဆိုပါ ပြောကြားချက်ကို အမေရိကန်စစ်တပ်က ချက်ချင်း ငြင်းဆိုခဲ့သည်။

Ref: AFP

Most Read

Most Recent