BLACKPINK အဖွဲ့ဝင် လီဆာသည် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ဖွင့်ပွဲအခမ်းအနားတွင် ဖျော်ဖြေခဲ့ပြီးနောက် စီးပွားရေးအကျိုးအမြတ်အဖြစ် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၁ သန်းခန့် ဖန်တီးနိုင်ခဲ့ကြောင်း ဗြိတိန်သတင်းစာ The Sun က ဖော်ပြသည်။
ယင်းပမာဏသည် ဖီဖာ သို့မဟုတ် ပွဲစီစဉ်သူများက လီဆာအား ဖျော်ဖြေကြေးအဖြစ် ပေးခဲ့ခြင်းမဟုတ်ဘဲ ကမ္ဘာတစ်ဝန်း လူသိများမှု ပိုမိုမြင့်တက်လာခြင်း၊ ကြော်ငြာအခွင့်အလမ်းများ တိုးလာခြင်း၊ မီဒီယာဖော်ပြခံရမှုနှင့် စီးပွားဖြစ်အကျိုးအမြတ်များကို တွက်ချက်ထားသည့် ခန့်မှန်းတန်ဖိုးဖြစ်သည်။
နိုင်ငံတကာသတင်းများ၏ ဖော်ပြချက်အရ ကမ္ဘာ့ဖလား ဖွင့်ပွဲအခမ်းအနားတွင် ဖျော်ဖြေသည့် အနုပညာရှင်များသည် အမေရိကန် Super Bowl ပွဲနားချိန် ဖျော်ဖြေသူများကဲ့သို့ပင် တိုက်ရိုက်ဖျော်ဖြေကြေး ရလေ့မရှိပေ။ ယင်းအစား ကမ္ဘာတစ်ဝန်းမှ ပရိသတ်များ၏ အာရုံစိုက်မှု၊ မီဒီယာဖော်ပြမှု၊ သီချင်းနားဆင်မှု မြင့်တက်လာခြင်းနှင့် ကြော်ငြာစာချုပ်သစ်များ ရရှိနိုင်ခြင်းတို့မှတစ်ဆင့် အကျိုးအမြတ်များ ခံစားရခြင်းဖြစ်သည်။
လီဆာသည် ဖီဖာကမ္ဘာ့ဖလား ဖွင့်ပွဲအခမ်းအနားတွင် ဖျော်ဖြေခွင့်ရသည့် ပထမဆုံး မိန်းကလေးကေပေါ့ပ်အဆိုတော်၊ ပထမဆုံး ထိုင်းအဆိုတော်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ဖွင့်ပွဲတွင် လီဆာက ဘရာဇီးအဆိုတော် Anitta ၊ နိုင်ဂျီးရီးယားအဆိုတော် Rema တို့နှင့်အတူ Goals သီချင်းဖြင့် တင်ဆက်ခဲ့သည်။
သို့သော် လီဆာ၏ဖျော်ဖြေမှုအပေါ် အွန်လိုင်းတွင် ဝေဖန်မှုအချို့လည်း ထွက်ပေါ်ခဲ့သည်။ Goals သီချင်းသည် ကမ္ဘာ့ဖလား၏ အစဉ်အလာအငွေ့အသက်နှင့် လိုက်ဖက်မှုမရှိ ၊ ဖျော်ဖြေမှုက ပြိုင်ပွဲ၏အနှစ်သာရထက် လီဆာ၏ ရုပ်သွင်နှင့် တင်ဆက်မှုကိုသာ ပိုအလေးထားပုံဖြစ်နေကြောင်း ဝေဖန်ခဲ့ကြသည်။
Sources: K14















